Saturday, March 31, 2012

အောင်နိုင်ရေး အတွက် ကျားဖြူ ဒု-ဥက္ကဌ ဦးဆောင် စည်းရုံး ရေးဆင်း

သျှမ်းသံတော်ဆင့်


မဲဆန္ဒနယ်အမှတ် ၃ အမျိုးသားလွှတ်တော် လစ်လပ်နေရာ၌ အောင်နိုင်ရေးအတွက် ကျားဖြူပါတီ ဒုဥက္ကဌ စိုင်းဆောင်ဆီကိုယ်တိုင် ဦး ဆောင်ကာ စည်းရုံးရေး ဆင်းနေကြောင်း မြို့ခံများကပြောပါသည်။

“ ၂၀၁၀ နဲ့စာရင် ကြိုတင်မဲကောက်ယူမှုက ရုပ်ပျက်ဆင်းပျက်မရှိဘူး။ အိုကေတယ်လို့ပြောနိုင်တယ် ” ကျားဖြူပါတီ ဒု- ဥက္ကဌ စိုင်းဆောင် ဆီက ပြောသည်။

မဲဆွယ်စည်းရုံးရာတွင်လည်း ကျေနပ်မှုရှိကြောင်း၊ ယခုကြားဖြတ်ရွေးကောက်ပွဲအတွက် ဒေသခံလူထုတို့ တက်ကြွပါဝင်သည် ကိုတွေ့ရ ကြောင်း ဆက်လက်ပြောပြသည်။

“ ဗိုလ်မွန်းခြိမ်းခြောက်တဲ့ကိစ္စ ကျနော်တို့ ဖြေရှင်းလို့ အိုကေသွားပြီလေ။ ဒါကြောင့် အဲဒီ မန်ပန်ဒေသဖက်လဲ စည်းရုံးရေး ဆင်း နိုင်တယ်။ လူထုလဲ ကျနော်တို့ကို သောင်းသောင်းဖြဖြ ကြိုဆိုမှုရှိတယ်။ ဆိုတော့ တန့်ယန်း၊ သိန္နီ၊ မိုင်းရယ် ဘက်မှာ တော့ ကျနော်တို့ ကျားဖြူက ကျေနပ်အားရဖွယ်ကောင်းလောက်အောင်ဘဲ” - စိုင်းဆောင်ဆီက ဆက်လက်ပြောပြသည်။

ကွန်လုံဒေသ၌မူ တရုတ်လူဦးရေများပြားလှကြောင်း၊ သို့သော် ဒေသခံသျှမ်းများအား ကျားဖြူပါတီက စည်းရုံးမဲဆွယ် ထား ကြောင်း၊ လားရှိုးမြို့တွင်မူ ပါတီကြီး ၄ ခုအပြိင်အဆိုင် စည်းရုံးရေးဆင်းနေသည်ကို ကြည့်ခြင်းအားဖြင့် မဲပြန့်သွားနိုင် သော်လည်း တခြားမြို့နှင့် ပေါင်းလျှင် ကျားဖြူပါတီ အောင်နိုင်ရေးအတွက် အခက်အခဲသိပ်မရှိနိုင်ဟု ထင်ရကြောင်း ဒုဥက္ကဌက ဆက်လက်ပြောပြသည်။

“ လူငယ်တွေလဲ စည်းရုံးရေးဆင်းထားတယ်။ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးမှုတွေ အင်တိုက်အားတိုက် လုပ်ထားတယ်၊ ဆိုတော့ လူ ထုက အရင်ကလို သိပ်မကြောက်တော့ဘဲ တက်တက်ကြွကြွ ပါဝင်လာတာကိုတွေ့ရတယ်။ ဒါကြောင့် ဒီကြား ဖြတ် ရွေးကောက်ပွဲ အ တွက် တော့ ကျနော်တို့ အောင်နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟုဆိုပါသည်။

မဲဆန္ဒနယ်အမှတ် ၃ အမျိုးသားလွှတ်တော် (ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၏) လစ်လပ်နေရာ၌ ပါတီကြီး ၄ ခု ဖြစ် သော ကျားဖြူ ပါတီမှ စိုင်းစံမင်း၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ စိုင်းမြင့်မောင်၊ ကြံ့ခိုင်ရေးပါတီမှ ဒေါက်တာ နန်းကိန် ဖောင်းတစ်၊ လားဟူ အမျိုးသား ဖွံဖြိုးတိုးတက်ရေးပါတီ LNDP ဦးယောသပ် နှင့် ကိုးကန့်ပါတီ Kokang Democracy and Unity Party မှ လော်ရှင်းကွမ်းတို့ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

No comments: