Wednesday, March 28, 2012

မဟာမုနိ ရွှေထီးတော် အသစ်နှင့် အရှုပ်အထွေးများ

နိရဉ္စရာ


ကျောက်တော်မြို့နယ်ရှိ မဟာမုနိ ရုပ်ရှင်တော် မြတ်ကြီး ကိန်းဝပ်ရာ ကျောင်းဆောင်တော်တွင် အလိုတော်ပြည့် ဆရာတော်ကြီးမှ ဦး ဆောင်ပြီး တင်ဆောင်မည့် ရွှေထီးတော် အသစ်နှင့် ပတ်သက်ပြီး အရှုပ်အထွေးများ ပေါ်ပေါက်နေကြောင်း သတင်း ရရှိသည်။

"နံပတ် (၁) အချက်က သိမ်တော်ကြီးမှာ ရှိတဲ့ ကျွန်းသား အစစ်နဲ့ ပြုလုပ်ထားတဲ့ ပန်းလည်တိုင်ကို မဖျက်ပါနဲ့လို့ ပြောတာကို ဖျက်ချ ပစ်တယ်။ နံပတ် (၂) အချက်က ဒီထီးတော် တင်မယ့် ကိစ္စကို ဒေသအတွင်းမှာ ရှိတဲ့ ဆရာတော်ကြီးတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ မတိုင်ပင်ဘဲ အာဏာပိုင်တွေနဲ့သာ ပြုလုပ်နေတယ်။ နံပတ် (၃) က မြေကြီးကနေ ထီးတော်အထိ အမြင့် ၆၄ တောင်ရှိရမယ်။ ဒါကို နှိမ့်ချပစ်ဖို့ လုပ် နေ တယ်။ နံပတ် (၄)က ထီးတော်ကို အရှေ့တောင်ထောင့်က တင်မှာကို အနောက်တောင်ထောင့်က တင်ဖို့ လုပ်နေတယ်။ နောက်တစ် ခါ အခု အသစ်တင်မယ့် ထီးတော်ဟာ အရင် နဂို ထီးတော်ထက် ငယ်လို့ မရဘူး။ ခြေလေးချောင်း သတ္တ၀ါတွေရဲ့ အရုပ်တွေကို မထည့် ရဘူးလို့ ပြောထားပါတယ်" ဟု လုံခြုံရေးကြောင့် အမည် ဖေါ်မပြောလိုသူ ရခိုင်သမိုင်းသုတေသီ တစ်ဦးက ပြောသည်။

၎င်းပြင် သူက " ကျွန်တော်တို့ ရခိုင်ဓလေ့ထုံးတန်းစဉ်လာအရ ဘုရား၊ စေတီတွေက ထီးတော်တွေကို မုန်တိုင်းကြောင့် ဖြစ်စေ၊ သဘာဝ ဘေးအန္တရာယ်ကြောင့် ဖြစ်စေ မြေခပြီးမှ ထီးတော်ကို အသစ် ပြန်တင်ရတယ်။ အခု ထီးတော်က အကောင်းပကတိရှိရဲ့သားနဲ့ ထီးတော် ကို ချပြီး အသစ် ထီးတော်ကို ပြန်တင်ဖို့ လုပ်နေတာဟာ မရိုးသားဘူးလို့ ကျွန်တော်တို့က လုံးဝ ယူဆထားပါတယ်" ဟု သူက ဆက် ပြော သည်။

အဆိုပါ ပြည်သူများအကြား အမြင်အမျိုးမျိုး ပေါ်ပေါက်နေပြီး ထီးတော်အသစ်နှင့် ပတ်သက်ပြီး လူထု အကြားတွင်လည်း အမြင်ကွဲပြား နေကြောင်း သိရသည်။ သို့အတွက် ကျောက်တော်မြို့နယ် သံဃာဝန်ဆောင် ဥက္ကဌ သိန်းတန် ဆရာတော်ကြီးအား နိရဉ္စရာမှ လျှောက် ထားမေးမြန်းရာ ဆရာတော်ကြီးက ယခုလို မိန့်ကြားသည်။

မေး- " ဆရာတော်ကြီးဘုရား- အခု အလိုတော်ပြည့် ဆရာတော်ကြီး တင်ဆောင်ဖို့ စီစဉ်နေတဲ့ ရွှေထီးတော်ဟာ ဒေသအတွင်းက ဆရာ တော်တွေရဲ့ ခွင့်ပြုချက်နဲ့ တင်ဆောင်ဖို့ လုပ်နေတာလား၊ ဒါမှ မဟုတ် ဘယ်သူ့ အစီအစဉ်နဲ့ လုပ်နေပါလဲ အရှင်ဘုရား- ဖြေကြား ပေး ပါ"

ဆရာတော်ကြီး-" မဟုတ်ပါ။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ အစီအစဉ်နဲ့ တင်ဆောင်ဖို့ လုပ်နေတဲ့ အစီအစဉ် ဖြစ်ပါတယ်။ ရခိုင် တိုင်းရင်း သားများ တိုးတက်ရေး ပါတီက ၀န်ကြီးတွေလည်း ပါတယ်လို့ ကြားတာဘဲ။"

မေး- " ဒါဆိုရင် အခု သိမ်တော်ကြီး အလယ်မှာရှိတဲ့ ကျွန်းသားစစ်နဲ့ ပြုလုပ်ထားတဲ့ ကျွန်းတိုင်ကြီးကို ဖြိုချဖျက်ဆီးပစ်လိုက်ပြီလို့ သိရ ပါတယ်။ အဲဒီလို လုပ်တဲ့ အပေါ် ဆရာတော်ကြီး အမြင်ကို သိပါရစေ။"

ဆရာတော်ကြီး- " အခု ဆရာတော်ကြီး သိရသလောက် ကျွန်းတိုင်ကို ဖြိုချ ဖျက်ဆီးလိုက်တာ မဟုတ်ပါဘူး။ ကျွန်းတိုင်ကို စတီးလ်ကွပ် ပြီး ပိုပြီး ခိုင်ခန့်အောင် လုပ်တဲ့ သဘော ဖြစ်ပါတယ်" ဟု ဆရာတော်ကြီးက မိန့်ကြားသည်။

စကား ပြောနေစဉ် ဖုံးပြတ်သွားသဖြင့် ဆရာတော်ကြီးအား ဆက်သွယ်၍ မရရှိခဲ့တော့ပါ။

၎င်းနောက်ပိုင်းတွင် မဟာ မုနိ ကုန်းတော်အနီးတွင် တည်ရှိသော သရက်တပင် ဆရာတော်အား ဆက်သွယ် မေးမြန်းရာ ဆရာတော်က ယခုလို ပြောသည်။

" ဦးဇင်းက မဟာမုနိ သိမ်တော်ကို နေ့တိုင်း ရောက်ပါတယ်။ ကိုယ်နဲ့ မဆိုင်တဲ့ အတွက် ကျွန်းသစ် ပန်းလယ်တိုင်ကို လဲချလိုက်ပြီလား။ အသစ် ပြန်လုပ်ပီလား ဆိုတာကို တိတိကျကျ မသိဘူး တကာကြီး" ဟု ပြောသည်။

ယခုကိစ္စမှာ အမျိုးဘာသာ သာနာကိစ္စ ဖြစ်ပါသဖြင့် မဟာမုနိ ရွှေထီးတော် ကိစ္စနှင့် ပတ်သက်ပြီး သိရသလောက် ပြည်သူများ သိရှိရန် ပြော ကြားပေးပါဟု လျှောက်ထားရာ ဆရာတော်က ယခုလို မိန့်ကြားသည်။

" အခုက လူတွေကြားထဲမှာတော့ အမျိုးမျိုး ကိုယ်ထင်ရာကို ကိုယ်ပြောနေကြပါတယ်။ အခု အလိုတော်ပြည့် ဆရာတော်ကြီး လုပ်နေတာ တွေကလည်း တစ်ဘက်က ကြည့်ရင် စနစ်တကျနဲ့ ကောင်းကောင်းမွန်မွန်လုပ်တာကို တွေ့နေရပါတယ်။ အင်ဂျင်နီယာတွေနဲ့ ဘုံအဆင့် ဆင့် လုပ်နေတာကို တွေ့ရတယ်။ အဲသလို လုပ်တာကို တစ်ဘက်ကလည်း အမျိုးမျိုး ပြောဆို နေကြတာတွေ ရှိပါတယ်" ဟု ပြောသည်။



မေး- " အလိုတော်ပြည့်ဆရာတော်ကြီးက ရခိုင်ပြည်သူတွေရဲ့ အထွတ်အမြတ်ထားရာ မဟာမုနိ ထီးတော်ကြီးကို ဒေသအတွင်းက ဆရာ တော်ကြီးတွေ အပါအ၀င် ရခိုင်ပြည်သူတွေနဲ့ မတိုင်ပင်ဘဲ လုပ်နေတယ်ဆိုပြီး စွပ်စွဲချက်တွေ ပေါ်ပေါက်နေပါတယ် အရှင်ဘုရား။"

သရက်တပင် ဆရာတော် " ဒါကတော့ ဟုတ်ပါတယ်။ ဒေသအတွင်းက ဆရာတော်ကြီးတွေ၊ ဒေသခံ လူကြီးတွေနဲ့ တိုင်ပင်ပြီး ပြုလုပ် တာ မရှိဘူး။ အစိုးရပိုင်းက လူကြီးတွေနဲ့သာ လုပ်နေတာကို တွေ့ရ ပါတယ်" ဟု ပြောသည်။

မေး“ ဒါဆိုရင် အလိုတော်ပြည့် ဆရာတော်ကြီးက တင်ဖို့ လုပ်နေတဲ့ ရွှေထီးတော်နဲ့ ပတ်သက်ပြီး ဘယ်လို မြင်ပါသလဲ အရှင်ဘုရား”

သရက်တပင်ဆရာတော်" သူလည်း အမျိုးဘာသာ သာသနာကို အကျိုးယုတ်အောင်တော့ လုပ်လိမ့်မယ်လို့ မထင်ဘူး။ လူတွေကတော့ ကိုယ်ထင်တာကို ကိုယ်ကောက်ပြောနေကြတာပါဘဲ။ ရွှေထီးတော်မှာ ဘာတွေ ပါတယ်။ မပါဘူးဆိုတာလည်း ဒီကိုရောက်မှ သိရပါ လိမ့် မယ်။ အခုတော့ ဘာမှ မပြောနိုင်သေးဘူး။ ပွဲကတော့ စည်ကားမယ်ထင်ပါတယ်" ဟု ပြောသည်။

ယနေ့ နောက်ဆုံး ရရှိသော သတင်းများ အရ ပြည်သူများ တောင်းဆိုချက်အရ ရွှေထီးတော် အမြင့်အား မြေကြီးမှ စိန်ဖူးတော်ထိ ၆၄ တောင် ထားရှိမည် ဖြစ်ပြီး ရွှေထီးတော်ကိုလည်း ယခင် ထုံးတန်း စဉ်လာအတိုင်း အရှေ့တောင် အရပ်မှ တင်ဆောင်သွားဆောင်ရန် စီ စဉ်ထားကြောာင်း သိရသည်။

အလေးချိန် ၁၁ ပိသာ ၅၀ ကျပ်သားရှိ ရွှေထီးတော်ကို ရန်ကုန်မြို့မှ စစ်တွေမြို့ သို့ မတ်လ ၂၃ ရက်နေ့က ယူဆောင်လာပြီး စစ်တွေ အ လိုတော်ပြည့် ကျောင်းတိုက်တွင် အပူဇော်ခံနေရာ ရွှေထီးတော်အား ပြုလုပ်ရာတွင် ကြီးကြပ်ကွပ်ကဲသူ ဦးဇင်း ဘီလူးခေါ် အရှင်ကု မာ ရ အား ရွှေထီးတော်တွင် မည်သည့် အရုပ်များကို ရေးထိုးထားပါသလဲဟု လျှောက်ထား မေးမြန်းရာ ဦးဇင်းက ယခုလို ဖြေကြားသည်။

"မဟုတ်ပါဘူး တကာ့။ ဒါတွေက ကောလဟလတွေပါ။ ဒီမှာက သဇင်ပန်းပါတယ်။ ရခိုင်ဗျာလ်လ ရုပ်ပါတယ်။ သီရိဝစ္စ ရခိုင် တံဆိပ် ပါ တယ်။ ငှက်မြတ်နားမှာလည်း ငှက်မြတ်နားနဲ့ ပတ်သတ်တာတွေ ပါတယ်။ ခြင်္သေ့အရုပ်၊ ကျားအရုပ် ပါ တယ် ဆိုတာ မဟုတ်ပါဘူး။ မှား နေတယ်" ဟုပြောသည်။

ယခု ရွှေထီးတော်မှာ အချင်း (၄)ပေ (၆)လက်မ၊ အမြင့် (၉)ပေ ကျော်ခန့်ရှိ ရွှေသား ရွှေစင်များဖြင့် အကျော်အမော် ဗိသုကာပညာရှင်တို့ အကောင်း ဆုံး ဖြစ်အောင် စီမံပြုလုပ်ထားသော ရွှေထီးတော် ဖြစ်ပြီး ဧပြီလ ၆ ရက် တန်ခူး လပြည့်နေ့တွင် တင်ဆောင်မည် ဖြစ် ကြောင်း ဦးဇင်းမှ ပြောသည်။

ရွှေထီးတော်အား ယခင် ထောက်လှမ်းရေး ညွှန်မှူးချုပ် ၀န်ကြီးဟောင်း ဦးခင်ညွှန့် လက်ထက်ကတည်းက တင်ဆောင်ရန် ကြိုးပမ်းခဲ့ သော်လည်း ဦးခင်ညွှန့် အလုပ်မှ ပြုတ်သွားသဖြင့် ရပ်တန့်သွားခဲ့ရာမှ ယခုမှ ပြန်လည် တင်ဆောင်ရန် စီစဉ်ခြင်း ဖြစ်သည်။

မဟာမုနိ ထီးတော် အဟောင်းအား ဇန်န၀ါရီလ ၂၄ ရက်နေ့ကတည်းက မြေအောက်ကို ချထားပြီး အဆိုပါ ထီးတော်ရှိ စိန်ဖူးတော်မှ ရှေး ဟောင်း တန်ဖိုးရှိ စိန်တစ်လုံးမှာလည်း ပျောက်ဆုံးနေကြောင်းနှင့် ဘုရားဂေါပက အနေဖြင့်လည်း အဆိုပါ စိန် မည်သည့် နေရာသို့ ရောက် ရှိနေကြောင်း မသိရှိဘဲ ဖြစ်နေကြောင်း ရခိုင်သမိုင်း သုတေသီက ပြောကြားသွား သည်။

No comments: