Saturday, March 31, 2012

အမှတ် ၃ မဲဆန္ဒနယ် အတွင်း မဲစာရင်း မမှန်သေး

သျှမ်းသံတော်ဆင့်


တနင်္ဂနွေနေ့၌ ကျင်းပ မည့် ကြားဖြတ်ရွေးကောက်ပွဲ အတွက် သျှမ်းပြည်မြောက်ပိုင်း အမှတ် ၃ မဲဆန္ဒနယ် ၌ မဲပေးမည့်သူဦးရေ စာရင်း ယနေ့အထိ မှန်ကန်မှုမရှိသေးကြောင်း ကျားဖြူပါတီ အမတ် တဦးက ပြောပါ သည်။

“ကျနော်တို့ မိုင်းရယ်မှာလေ မဲပေးမယ့်သူဦးရေ စာရင်းက အသစ်ပြန်လုပ်တယ်။ စာရင်းမှန်ကန်ဖို့လဲ ပြန်လုပ်ဖို့လိုအပ်တယ်လေ။ ဒါပေ မယ့် အခုထိမမှန်မကန်ဖြစ်နေတယ်၊ မဲရုံမှာ စောင့်ကြည့်ဖို့ တာဝန်ကျတဲ့ သူရဲ့ နာမည်တောင်မပါဘူး” - ဟု သျှမ်းတိုင်းရင်းသားများ ဒီမို ကရက်တစ်ပါတီ (ကျားဖြူ) SNDP ပြည်သူ့လွှတ်တော်အမတ် စိုင်းဟတ် ကပြောပါသည်။

မကြာခင်ရက်ပိုင်းအတွင်း ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မိုင်းရယ်မြို့နယ် ဆိုင်ရာ အာဏာ ပိုင်များက ၂၀၁၀ ရွေးကောက် ပွဲ မဲစာရင်းမယူဘဲ အသစ်ပြန်လည်ပြုလုပ်ကြောင်း၊ မှန်ကန်မှုအတွက် လုပ်သော်လည်း အကြိမ်ကြိမ် မှားနေသေးကြောင်း၊ တချို့ရပ် ကွက် /ကျေးရွာ ၌ မဲပေးပိုင်ခွင့်ရှိသူ ဦးရေ ၇၀၀ ၌ ၄၀၀ ကျော်လောက်သာပါကြောင်း၊ သေဆုံးသူဦးရေစာရင်းပြန်ပါလာပြီး ၂၀၁၀ ရွေး ကောက်ပွဲ နောက်ပိုင်း အသက် ၁၈ နှစ်ပြည့်သူလူဦးစာရင်းမှာမူ မပါလာကြောင်း၊ ထိုကိစ္စအားစိစစ်ပေးရန် ရွေးကောက်ပွဲကော်မရှင်ထံ အကြောင်းကြားထားကြောင်း ပြောပါသည်။

“ဒီစာရင်းက ဘယ်သူပြုစုလဲဆိုတာ ကျနော်လဲ အတိကျမသိဘူး၊ အဲဒီ့ဘက်ကျနော်လဲ မကျွမ်းကျင်ဘူးလေ။ ကျနော် လုပ်ပေး နိုင်တဲ့ အ ပိုင်းကတော့ အသက်ပြည့်သူတိုင်းမဲပေးနိုင်ဖို့ ကြိုးစားပေးမယ်၊ ရွေးကောက်ပွဲကော် မရှင်ကို ဒီကိစ္စပြောပြထားတယ်” - စိုင်းသီဟကျော် ခေါ် စိုင်းဟတ်က ပြောပါသည်။

မိုင်းရယ်မြို့နယ်အတွင်း မဲရုံအချို့အားလည်း ဆိုင်ရာအာဏာပိုင်များက လုံခြုံရေးမပေးနိုင်သောကြောင့် အနည်းဆုံး မဲရုံသုံးခု ပြောင်းရွှေ့ရန် သတင်းရရှိထားကြောင်း၊ သို့သော် စာနှင့်ပေနှင့်တကွ ယနေ့ မွန်းလွဲ ပိုင်းအထိ တရားဝင်ထုတ်ပြန် ခြင်းမရှိသေးကြောင်း မိုင်းရယ် ဒေ သခံ ကျားဖြူ အမတ် စိုင်းဟတ်က ဆက်၍ပြောပြပါသည်။

သျှမ်းပြည်မြောက်ပိုင်း အမှတ် ၃ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် လားရှိုး၊ သိန္နီ၊ ကွန်လုံ၊ မိုင်းရယ်၊ တန့် ယန်းမြို့နယ် တွင် ပြည်ခိုင်ဖြိုး ပါတီက ဒေါက်တာနန်းကိန်ဖေါင်းတစ်၊ NLD က စိုင်းမြင့်မောင်၊ ကိုးကန့်ပါတီ က လော်ရှင်းကွမ်း၊ ကျားဖြူပါတီ စိုင်းစံမင်းနှင့် လား ဟူ ပါ တီမှ ဦးယောသပ်တို့ အသီးသီး ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်ပါသည်။

No comments: