Thursday, March 29, 2012

‘စနစ်ဆိုးနဲ့ စစ်ဂျိုးခွါစို့’ အိန္ဒိယသံချပ် ထွက်ရှိ

ကိုပေါက် | ကြာသပတေးနေ့၊ မတ်လ ၂၉ ရက် ၂၀၁၂


အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများ၏ ၁၄ ခွေမြောက်ဖြစ်သည့် ‘စနစ်ဆိုးနဲ့ စစ်ဂျိုးခွါစို့’ သံချပ်ခွေအား ကြာသပတေးနေ့ နံနက် ၁၁ နာရီက နယူးဒေလီမြို့တွင် စတင်ဖြန့်ချိလိုက်သည်။

၆၄ မိနစ်ကြာ စီဒီခွေကို ၂ဝ၁၂ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ကာလအတွင်း ပြည်သူအများ နားဆင်နိုင်ရန်အတွက် ဖြန့်ချိ လိုက်ခြင်း ဖြစ်သည်ဟု သံချပ်တာဝန်ခံ ကျောက်မဲကျော်ကြီး က ပြောသည်။

ယခုနှစ် သံချပ်များအတွက် ‘စနစ်ဆိုးနဲ့ စစ်ဂျိုးခွါစို့’ဟု ခေါင်းစဉ် ရွေးချယ်ပေးရခြင်းမှာ လက်ရှိမြန်မာပြည် နိုင်ငံရေး စနစ်အား ဝေဖန် ထောက် ပြ သရော်လိုက်သည့် သဘောဖြစ်ကြောင်း ဟင်းအိုးတခု ဥပမာပြု၍ သံချပ်တာဝန်ခံက မဇ္ဈိမကို ရှင်းပြသည်။

“သမ္မတ ဦးသိန်းစိန်က ဒီမိုကရေစီလမ်းကြောင်းပေါ် ပြောင်းလဲနေပါပြီဆိုပေမယ့် ၂ဝဝ၈ အခြေခံဥပဒေ အတိုင်းပဲ ဖြစ်နေတဲ့ အတွက် စစ် အာဏာ ရှင်စနစ် ရှိနေဆဲဆိုတာ ထောက်ပြချင်တာပါ။ ဒါကြီးက နှစ် ၅ဝ ကြာပြီ။ ဥပမာ ဟင်းအိုး တအိုးဟာ ဂျိုးတူးနေပြီးသားကြီးဆိုရင် အဲဒီဂျိုးအတူးကြီးကို မခွါဘဲနဲ့ နောက်ထပ် ဟင်းအသစ်တွေ ဘယ်လိုပဲချက် ချက် ဒီ တူးစော်နံကြီးကတော့ ပျောက်သွားမှာမဟုတ်ဘဲ ဟင်း သစ်ကို ဖျက်နေမှာပါပဲ။ ဒီဂျိုးတွေကို ခြစ်ထုတ်ခွါချပြီး အိုးအသစ်ကြီးမှာ ဟင်းအသစ်တွေ ချက်နိုင်မှသာ ရနံ့လည်းမွှေး၊ အရသာ လည်းရှိ တဲ့ ဟင်းတွေ ရနိုင်မှာပါ” ဟုကျောက်မဲကျော်ကြီး က ပြောသည်။

အိန္ဒိယရှိ သံချပ်ဝါသနာရှိသူများက ၁၉၉၆ ခုနှစ်ကတည်းက သံချပ်များ ရေးထိုး တိုင်တည်လာကြသည်မှာ ၁၅ နှစ် အတွင်း ၁၄ ခွေ ထုတ် ဝေနိုင်ခဲ့ပြီးဖြစ်သည်။

‘ခြောက်စား ဟောက်စား ခေါက်ထားစမ်းပါ’ မှ စ၍ ‘ထားပချေမိ ငါ့ဝန်ရှိလိမ့်’၊ ‘မိုးကိုဒူးနဲ့ တက်တိုက်စို့’၊ ‘သစ္စာ ကျောက်တုံး မြှောက် လိုက် ပြီ’၊ ‘အိပ်ငိုက် ခြင်းမှ ချက်ခြင်း ထလော့’၊ ‘ရပ်ကြည့်လို့ အမြတ် မရှိ’၊ ‘ဗမာ ပြည်ကို တံတိုင်း ခတ်လိုက်’၊ ‘ဘယ်ပု ရပိုဒ် မင်းကြိုက် သလဲ”၊ ‘ထုလေ မာလေ ဒို့လူတွေ’၊ ‘အောင်ပွဲ ဆင်ဖို့ ထောင်ထဲ ဝင်စို့’နှင့် ‘ဘုန်းဘုန်း ချမှ လုံးလုံးရမယ်’ အခွေများအထိ သံချပ်များကို ကဗျာဆရာ မြတ်ထက် က တဦးတည်း ပင်တိုင်ရေးသား လာခဲ့ရာမှ ဆရာမြတ်ထက် ကျန်းမာရေးချို့ယွင်းလာ၍ ‘သူသေကိုယ်ရှင် တိုက် ပွဲဝင်’၊ ‘ငုံ့မခံရဖို့ တုန့်ပြန်ကြစို့’ နှင့် ‘စနစ်ဆိုးနဲ့ စစ်ဂျိုးခွါစို့’ တို့ကို အခြားသူများက ဝိုင်းဝန်းဟူ၍ ရေးသားခဲ့ကြရသည်။

“ဒီနှစ်အတွက် အသစ်ရေးထားကြတာကတော့ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲကိစ္စရယ်၊ အထူးသဖြင့်တော့ ဘယ်နှစ်ကမှ မပါ ဖူး တဲ့ ‘ပြည် တော်ပြန် ’တွေရဲ့အကြောင်း လည်း ထည့်ရေး ထားပါတယ်” ဟု ကဏ္ဍ သစ်များကိုကျောက်မဲကျော်ကြီးက ပြောပြသည်။

နှစ်စဉ်နှစ်တိုင်း ပင်တိုင်ကဏ္ဍတခုဖြစ်သည့် လူထုဘဝ အခြေအနေကဏ္ဍတွင် ပါဝင်ရေးသားခဲ့သူလည်းဖြစ်၊ ဒိုးပတ်ဝိုင်း ခေါင်းဆောင် လည်းဖြစ် သည့် မုတ်သုန် (ယော ရပ်ရွာ) ကလည်း “ပြည်သူလူထု တကယ်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို အခြေခံ ပြီးတော့မှ ရေးရ တာပါ။ ရေးတာတွေ ကတော့ အများ ကြီးပဲဗျ။ အသံ သွင်းဖြစ်တာကတော့ ပညာရေး၊ ကျန်းမာရေး၊ ရေမီး မလာတာ၊ လမ်းပန်း ဆက် သွယ်ရေး အခက် အခဲတွေ အကုန်ထည့် ရေးထားတာပဲ။ ရေးထားတာ ခြောက်မျက်နှာလောက် ရှိတာကိုး။ ရှည်လွန်းတယ်ဆိုပြီး ဖြတ် ပစ်လိုက်တာ” ဟု မဇ္ဈိမကို ပြောသည်။

“ဆင်းရဲခြင်းပဲ ချမ်းသာတယ် --- တို့များ ဘဝမယ်၊ အလှူခံပုဂ္ဂိုလ် ရှောင်ရတယ် --- ကန်တော့ပါသေးရဲ့ကွယ်၊ ညအိပ် ဧည့်သည် ရှောင် ရတယ် --- So Sorry ပါဟယ် မနက်ညစာ ပေါင်းစားတယ် --- ဝေရာမဏိပါကွယ်၊ အလုပ်အကိုင် တွေ ရှားပါး တယ် --- ဒီခေတ် စုတ် ကြီးမယ်” ဟူ၍ လူထုဘဝအခြေအနေအား သံချပ်တွင် တစိတ်တပိုင်း တင်ပြထား သည်။

လက်ရှိ နိုင်ငံရေး အဖြစ်အပျက်များအား စောင့်ကြည့်ရေးသားနေရသဖြင့် ၂ဝ၁၂ သံချပ်များ ထုတ်ဝေနိုင်ရေးအတွက်နှောင့်နှေး ကြန့်ကြာ ခဲ့ရကြောင်းလည်း ကျောက်မဲကျော်ကြီးက ပြောသည်။

“ဝိုင်းပြီး ရေးပေးကြပါတယ်။ ဒီနှစ်က နိုင်ငံရေး အပြောင်းအလဲတွေ ရှိနေတဲ့အတွက် အကြောင်းအရာတွေ အပေါ် လိုက်ပြီး သံချပ် ရေး သားရတာ နောက်ကျပါတယ်။ အဲဒါတော့ ကသီလင်တ ဖြစ်ပါတယ်” ဟု ပြောသည်။

အခက်အခဲများ ကြုံတွေ့ခဲ့ရသော်လည်း တာဝန်မပျက်စေဖို့ ကြိုးစားတီးခတ်ပေးခဲ့ကြောင်း ဒိုးဆရာ က ပြောသည်။

“ကျနော်က ၂ဝဝ၉ လောက်က စပါခဲ့။ ပျော်ပါတယ်။ စိတ် တက်တက်ကြွကြွရှိပါတယ်။ ဒိုးတိုက်ရတာ ရက်နည်းတော့ ကမောက် ကမ လေး တွေတော့ ကြုံရ တာပေါ့။ ဒါပေမယ့် ကိုယ် တတ်နိုင်သလောက် ရေးပေး၊ ဆိုပေး၊ တီးပေးရတာ ပျော်စရာလည်း ကောင်းပါတယ်။ နှစ်စဉ် အိန္ဒိယဘက်က ထွက်နေကျဆိုတော့ ပြည်သူတွေက ဒီနှစ်လည်း မျှော်နေမှာ မို့ တီးပေးရတာ ပျော်တယ်” ဟု မုတ်သုန် (ယော ရပ် ရွာ)က မဇ္ဈိမကို ပြောသည်။

ယခုနှစ်သံချပ်များအား အသံသွင်း စီဒီခွေအပြင် ရုပ်သံ ဗီစီဒီခွေအဖြစ်လည်း ထုတ်ဝေဖြန့်ချိသွားမည်ဟု သိရသည်။

No comments: