အေးနိုင်
ဘဝတူဆင်းရဲသားတွေ အင်းထဲမှာ ငါးဖမ်းခွင့်ရရေး သမ္မတထံ ဦးဆောင် တင်ပြတဲ့ ဧရာဝတီ တိုင်း က ရွာသား တဦးကို တရား ရုံးက ထောင်ဒဏ် ၁ နှစ် ချမှတ်လိုက်ပါတယ်။
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် လက်ပံခင်းကျေးရွာက သမ္မတထံ အသနားခံ စာတင်တဲ့ ကိုသန်းအေးဟာ လက်နက်ကိုင်ဆောင် မှုနဲ့ တရားစွဲခံထားရတာ ဖြစ်ပြီး မတ် ၂၈ ရက် နေ့က မအူပင်တရားရုံးက ထောင် ၁ နှစ် ချမှတ်ခံရတာပါ။
အင်းသူကြီး ဦးနိုင်ဦး လေလံဆွဲထားတဲ့ အင်းဘေးနားဧရိယာမှာ ရွာသားတွေက ဝင်ရောက် ငါးဖမ်းတဲ့အပေါ် ဦးနိုင်ဦးက အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီးတော့ တားမြစ်ခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။
ဒါကြောင့် ငါးဖမ်းခွင့်နစ်နာတဲ့ ကိုသန်းအေးနဲ့ ရွာသားတွေက လတ်မှတ်ရေးထိုးပြီး သမ္မတထံ တင်ပြကြပါတယ်။ ဒါကို ဒေသခံ အာဏာပိုင်တွေက သူတို့ကို ကျော်လုပ်တယ်လို့ ပြောဆိုပြီး အခုလို လုပ်ဆောင်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
မနှစ်က အောက်တိုဘာလ ၂၁ ရက် ညသန်းခေါင်ကျော်မှာတော့ ဦးသန်းအေး နေအိမ်ကို လူအင်အား ၇၀ ကျော် လာရောက်ပြီး ဖမ်းဆီးခေါ်ဆောင်သလို ဂျင်ဂလိ လက်ဝယ်တွေ့ရှိတယ် ဆိုပြီး လက်နက်မှုနဲ့ စွဲဆိုခဲ့တာ ဖြစ်ပါတယ်။
ကိုသန်းအေးအမှုနဲ့ ပတ်သက်ပြီး ရွာသားတွေရဲ့ ဆန္ဒကို ကိုသက်နိုင်က “ရွာသားတွေ အနေနဲ့ကတော့ လက်ရှိ သူ့ရဲ့ မိသားစု စားဝတ်နေရေးကိုလည်း ကျွန်တော်တို့ ဝိုင်းဝန်းပြီးတော့ စောင့်ရှောက်မယ်။ ကိုသန်းအေးကိုလည်း လွတ်မြောက်အောင်လို့ ကျနော်တို့အားလုံး ကြိုးစားမယ် ဆိုပြီးတော့ ဆုံးဖြတ်ထားတယ်။”
ဒီအမှုဖြစ်စဉ်တလေ်ွာက် အဲဒီရွာမှာ အကြိမ်ကြိမ် သွားရောက် စုံစမ်းထားတဲ့ မစုစုနွေးက ကိုသန်းအေးဟာ ရိုးသားသူ ဖြစ်ပြီး ရွာက ဘုန်းတော်ကြီးတွေပါ မကျန် သူရဲ့ ရိုးသားမှုအတွက် အာမခံပေမယ့် အာဏာပိုင်တွေဟာ ငွေကြေးကြွယ်ဝတဲ့ လုပ်ငန်းရှင်အကျိုးကိုပဲ ကြည့်ကြတယ်လို့ ပြစ်တင် ပြောဆိုပါတယ်။
“အာဏာပိုင် အဖွဲ့အစည်းတွေရဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာမှာ ဆောင်ရွက်နေတဲ့ အုပ်ချုပ်ရေးမှူးတွေရယ်၊ တရားစီရင်ရေးမဏ္ဍိုင်က တရားသူကြီးတွေက ဦးနိုင်ဦး ပြောတာကို အကုန်လုံး အမှန်ထင်ပြီးတော့ လိုက်လုပ်နေတာ။ ကျေးရွာသူ/သားတွေ အကုန်လုံး နစ်နာတယ်။”
ဒီအမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအထောက်အကူပြု အဖွဲ့က ရှေ့နေတွေ လိုက်ပါ ဆောင်ရွက်ခဲ့ပါတယ်။
No comments:
Post a Comment