Wednesday, March 28, 2012

ပခုက္ကူ မဲဆွယ်ပွဲ မသမာမှုများ တိုင်းကော်မရှင်ထံ တိုင်ကြား

သန့်စင်ငြိမ်းချမ်း on March 28, 2012


မကွေးတိုင်း ပခုက္ကူမြို့နယ်တွင် ဖြစ်ပွားနေသည့် ရွေးကောက်ပွဲ မသမာမှုများအား တိုင်းရွေးကောက်ပွဲ ကော်မရှင်ထံ တိုင်ကြား ထား ကြောင်း ယင်းနယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည့်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်လောင်းက ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) က ငွေနှင့်ပစ္စည်းများပေးကာ မဲဆွယ်နေခြင်း၊ အစိုးရ၀န်ထမ်းများ ကြံ့ခိုင်ရေး ပါတီကို မဲပေးရန် အာဏာဖြင့် ခြိမ်းခြောက်နေခြင်း စသည့် ရွေးကောက်ပွဲမသမာမှုများ ဖြစ်ပွားနေသည်ဟု NLD အမတ်လောင်း ဦးပိုက် ကို က ပြောသည်။

“မဲစာရင်း ပြဿနာတွေရော စက်ရုံအလုပ်ရုံတွေက မဲစာရင်း အစုလိုက်အပြုံလိုက်ကြီး ပြောင်းသွားတဲ့ ကိစ္စရယ်၊ ကြံ့ဖွံ့က မသမာတဲ့ နည်း တွေနဲ့ မယ်ဆွယ်တဲ့ကိစ္စ ကော်မရှင်ကို ကျနော်ပြောတယ်။ ပစ္စည်းတွေပေးပြီး လာဘ်ထိုးတဲ့ နည်းတွေနဲ့ သူတို့ကို မဲထည့်ပါလို့ လုပ်နေ တာ တွေပေါ့” ဟု ဦးပိုက်ကိုက ဧရာဝတီကို ပြောသည်။

ကြံ့ခိုင်ရေးပါတီ အမတ်လောင်း ဦးကျော်တင့်က ယခုလ ၂၂ ရက်နေ့တွင် ပခုက္ကူမြို့ အမှတ် (၈) ရပ်ကွက်ရှိ ဒေသခံများအား တအိမ်လျှင် ကုလားပဲဆံ ၂ ဗူး၊ အိုင်အိုဒင်းဆား ၁ ထုပ်နှင့် ငွေ ၂ ထောင်စီပေးကာ ကြံ့ခိုင်ရေးပါတီအား မဲပေးကြရန် ပြောဆို စည်းရုံးသွားခဲ့သည်။

ထို့အပြင် ပခုက္ကူ တက္ကသိုလ်၊ ပညာရေးကောလိပ်နှင့် ရဲဌာနမှ ၀န်ထမ်းများအားလုံး ကြံ့ခိုင်ရေးပါတီကိုသာ မဲပေးရမည်ဟု ဖိအားပေး ခြိမ်းခြောက်မှုများ ရှိနေကြောင်း ပခုက္ကူ NLD ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ဝင်တဦးက ပြောသည်။

“ပခုက္ကူ တက္ကသိုလ်က ဆရာ ဆရာမတွေအားလုံး ကြံ့ခိုင်ရေးကိုပဲ မဲပေးရမယ်လို့ ညွှန်ကြားထားတယ်။ ပခုက္ကူ တက္ကသိုလ်က ဆရာတ ယောက် အဖွဲ့ချုပ်ရုံးကို လာပြောပြသွားတာ။ ရဲတွေကိုလည်း ကြံ့ခိုင်ရေးကို မဲမပေးဘူးဆိုရင် နယ်ဝေးကို ပြောင်းပစ်မယ်လို့ ပြောတယ်” ဟု ၎င်းက ပြောသည်။

မည်သူမဆို ရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်တဦးဦး၏ လွပ်လပ်စွာ မဲပေးနိုင်သည့်အခွင့်အရေးကို ခြိမ်းခြောက်ပါက တနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ကျပ်တသိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ် နိုင်ကြောင်း ပြည်သူ့လွှတ်တော် ရွေး ကောက်ပွဲဥပဒေ အခန်း (၁၃) ပုဒ်မ ၅၈ တွင် ဖော်ပြထားသည်။

ပခုက္ကူတွင် NLD မှ ဦးပိုက်ကိုနှင့် ကြံ့ခိုင်ရေးမှ ဦးကျော်တင့်တို့ နှစ်ဦး အမတ်လောင်းအဖြစ် ယှဉ်ပြိုင် အရွေးခံကြမည် ဖြစ်သည်။

နိုင်ငံတ၀ှမ်းတွင် ကြိုတင်မဲများကို မတ်လ ၃၀ နှင့် ၃၁ ရက်နေ့တွင် ကောက်ခံရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ညွှန်ကြား ထားသော်လည်း ပခုက္ကူရှိ သူနာပြုသင်တန်းကျောင်းနှင့် ပညာရေးကောလိပ်ရှိ သင်တန်းသားများကို ယခုလ တတိယပတ်အတွင်းက ကြိုတင်မဲများ ကောက်ခံခဲ့ကြောင်း သိရသည်။

“ကြိုတင်မဲ ကောက်ခံရတဲ့အထဲက သူနာပြုဆရာမတယောက်က ပြောတယ်။ ကြိုက်တာကို လွပ်လွပ်လပ်လပ် ပေးလို့ ရတယ်ဆိုလို့ ဦးပိုက်ကိုကို ပေးခဲ့တယ်လို့ ပြောတယ်။ ဒါပေမယ့် ကြိုတင်မဲ ကောက်ရမယ့် အချိန် မဟုတ်ဘဲ ဖြစ်နေတယ်” ဟု ဦးပိုက်ကိုက ပြောသည်။

ပခုက္ကူတွင် မဲပေးနိုင်သူပေါင်း ၁ သိန်း ၉ သောင်း ၉ ထောင်ကျော်ရှိပြီး မဲရုံပေါင်း ၃၂၄ ရုံ ထားရှိသွားမည်ဟု မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် မဲရုံ ၃၂၂ ရုံ ရှိခဲ့သော်လည်း လာမည့် ကြားဖြတ်ရွေးကောက်ပွဲ အတွက် အထည်ချုပ်စက်ရုံ ၂ ရုံ၌ မဲရုံ ၂ ရုံ ထပ်တိုးလာသည်။

ပခုက္ကူမြို့ အနောက်မြောက်ဘက်ရှိ အထည်ချုပ်စက်ရုံနှင့် မြို့ အရှေ့ဘက်ရှိ ချည်မျှင်နှင့် အထည်စက်ရုံမှ ၀န်ထမ်းများနှင့် ၎င်းတို့၏ မိ သားစုအပါအ၀င် လူပေါင်း ၂၀၀၀ ကျော်၏ မဲစာရင်းများကို ကာယကံရှင်များ၏ ဆန္ဒမပါဘဲ လူနေ ရပ်ကွက်အတွင်းမှ စက်ရုံဝင်းအတွင်း ထားရှိမည့် မဲရုံဧရိယာသို့ ပြောင်းရွေ့ခဲ့ကြောင်း ပခုက္ကူ NLD က ပြောသည်။

“စက်ရုံဝန်ထမ်းတွေက မပြောင်းချင်ဘူး။ သူတို့အာဏာနဲ့ပဲ ပြောင်းသွားတာ။ ရုံးမှာ စက်ရုံဝန်ထမ်းတွေရဲ့ မိသားစုဝင်တွေက လာလာပြီး အဲဒါ ဘယ်လို လုပ်ပေးနိုင်သလဲဆိုတာပဲ လာလာပြောနေတယ်” ဟု ပခုက္ကူ NLD ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ဝင်က ပြောသည်။

ပခုက္ကူ NLD က ယင်းကိစ္စအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြမေးမြန်းခဲ့ရာ စက်ရုံဝန်ထမ်းများ၏ ဆန္ဒအရ ပြောင်းရွှေ့ပေး ခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

ပခုက္ကူမဲစာရင်းတွင် ကွယ်လွန်သွားသူတို့၏ အမည်များ ပါဝင်နေခြင်း၊ မှတ်ပုံတင်နံပါတ်များ မှားယွင်းနေခြင်း၊ မြို့တွင် မရှိသူတို့၏ အ မည်များ ပါဝင်နေခြင်း၊ မဲဆန္ဒရှင်တို့၏ အမည်များ မှားယွင်းနေခြင်း အများအပြားကို NLD က ထောက်ပြခဲ့ရာ အနည်းငယ်သာ ပြန် လည် ပြင်ဆင်ပေးခဲ့သည်ဟု ဦးပိုက်ကိုက ပြောသည်။

အလားတူ မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ယခုလ ၂၄ ရက်နေ့က မဲပေးနိုင်သူစာရင်း ထုတ်ပြန်ခဲ့ရာ ယခင် ထုတ်ပြန်ခဲ့သည်ထက် လူ ၄၀၀၀ ခန့် လျော့နည်းသွားကြောင်း သိရသည်။

မော်လမြိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်က မဲပေးနိုင်သူ ၁၆၃၀၀၀ ကျော် ရှိသည်ဟု ယခုလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော်လည်း ပြီးခဲ့သည့် စနေနေ့တွင် ၁၅၉၀၀၀ ဟု နောက်ဆုံးအတည်ပြု ထုတ်ပြန်ခဲ့သည်ဟု မော်လမြိုင် NLD ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ဝင် ကိုကြည်ဇော်လွင်က ပြောသည်။

မူလ ထုတ်ပြန်ခဲ့သည့်စာရင်းတွင် အိမ်နီးချင်း ထိုင်းနိုင်ငံ၌ သွားရောက် အလုပ်လုပ်ကိုင်နေသူများ၊ သေဆုံးပြီးသူများ ပါဝင်နေသည့် အ တွက် ပြင်ဆင်ပေးရန် NLD က တင်ပြခဲ့ရာ ကော်မရှင်က ပြန်လည်စိစစ် ထုတ်ပြန်ပေးခဲ့ခြင်း ဖြစ်သည်။

မန္တလေးတိုင်း မဟာအောင်မြေ မဲဆန္ဒနယ်တွင်လည်း မဲပေးနိုင်ပါလျှက် မဲစာရင်းတွင်နာမည်မပါသူ ၁၀၀၀ ခန့်ကို နောက်တိုး မဲစာရင်း အ ဖြစ် ထုတ်ပြန်ပေးရန် ခရိုင်ကော်မရှင်သို့ ယခုလ ၂၄ ရက်နေ့က တင်ပြထားပြီး အကြောင်းပြန်ခြင်း မရှိသေးဟု NLD အမတ်လောင်း ဦး အုန်းကြိုင်က ပြောသည်။

မိတ္ထီလာမြို့နယ် မဲဆန္ဒနယ်တွင် မဲဆွယ်စည်းရုံးရေး လာသည့် NLD အောင်နိုင်ရေးအဖွဲ့လာလျှင် မည်သူမှ မထွက်ဘဲနေရန် ပါတီကြီး တခု ၏ တာဝန်ရှိသူများနှင့် ဒေသခံ အုပ်ချုပ်ရေးအဖွဲ့က ပြောဆို၍ မဲဆန္ဒရှင်များအား ဖိအားပေး ခြိမ်းခြောက်ပြောဆိုမှုများ ရှိနေပြီး မဲစာရင်း ပြဿနာလည်း ကြီးမားကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD မှ ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်မည့် ဗိုလ်ကြီးဟောင်း ဦးဝင်းထိန် နှင့် အောင်နိုင်ရေး အဖွဲ့က ဧရာဝတီကို ပြောသည်။

“အဓိက ကျနော်တို့ တွေ့ရတာက မဲဆန္ဒရှင်တွေရဲ့ အကြောက်တရားပဲ။ အခက်အခဲ အများကြီးတွေ့ရတယ်။ ဒါပေမယ့် ကျနော်တို့က အ ခက်အခဲရှိတာကို ကျေးဇူးတင်တယ်။ ကျနော်တို့ အောင်မြင်မှုဟာ တန်ဖိုးရှိမှာပါ” ဟု ဦးဝင်းထိန်က ဆိုသည်။

No comments: