Thursday, March 29, 2012

မွန်နိုင်ငံရေး ခေါင်းဆောင်ကို နိုင်ငံကူးလက်မှတ် သက်တမ်း တိုးမပေး

အဇံ၊ ကောင်းဝါသတင်းဌာန


မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ ခေါင်းဆောင် တဦး ဖြစ်သူ ဒေါက်တာမင်းစိုးလင်းကို နိုင်ငံတော် အစိုးရက နိုင်ငံကူး လက်မှတ် သက် တမ်း တိုးပေးခြင်း မရှိကြောင်း မိသားစု၏ ပြောဆိုချက်အရ သိရသည်။

မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့၏ အထွေထွေ အတွင်းရေမှူး ဖြစ်သူ ဒေါက်တာမင်းစိုးလင်းက ဇန်နဝါရီလ ကတည်းက မိမိ၏ နိုင်ငံကူး လက်မှတ် သက်တမ်း ကုန်ဆုံးခဲ့သဖြင့် ရန်ကုန်ရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးသည့် အစိုးရရုံးတွင် သက်တမ်းတိုးပေးရန် သွားရောက် လျှောက်ထားခဲ့သည်။

စာအုပ်သက်တမ်းသည် ဇန်နဝါရီလ ပထမပတ်တွင် ကုန်ဆုံးမည် ဖြစ်ပြီး စာအုပ် ထုတ်ပေးသည့် အာဏာပိုင်က ဇန်နဝါရီလ ၂၈ ရက်နေ့တွင် စာအုပ်သစ် ထုတ်ပေးဟု ပြောဆိုခဲ့ကြောင်း ဒေါက်တာမင်းစိုးလင်းက ကောင်းဝါသတင်းဌာနသို့ ပြောသည်။

သို့သော်လည်း နိုင်ငံကူးလက်မှတ်သစ် ရရှိရန် ရန်ကုန်သို့ နှစ်ကြိမ်တိုင် သွားရောက်ခဲ့သော်လည်း မရရှိသေးကြောင်း သူက ပြောသည်။

“ကျနော်သွားတဲ့ နောက်ဆုံးခေါက်မှာ အာဏာပိုင်တယောက်က ကျနော့်ကို ပြောတယ်၊ စာအုပ်က နောက်ကျဖို့ ရှိတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ စာအုပ်က နေပြည်တော် ရောက်နေတယ်” ဟု ဒေါက်တာမင်းစိုးလင်းက ပြောသည်။

“နေပြည်တော်က နိုင်ငံရေးသမား ဖြစ်တော့ စာအုပ်သစ် ထုတ်ပေးဖို့ စဉ်းစာနေတဲ့ကာလ ဖြစ်တယ်” ဟု အာဏာပိုင်၏ ပြောပြချက်ကို ဒေါက်တာမင်းစိုးလင်းက ပြန်လည် ပြောပြသည်။

“ဇာဂနာတောင်မှ သူတို့ ထုတ်ပေးတာပဲ၊ အမေရိကန်ကိုတောင် ရောက်သွားတယ်၊ ဘာကြောင့် ကျနော့်ကို စာအုပ်သက်တမ်း တိုးမပေး တာလဲ” ဟု သူက ပြောသည်။

“သူတို့က ကောင်းတဲ့ အစိုးရ၊ သန့်ရှင်းတဲ့ အစိုးရလို့ ပြောနေတော့ ကျနော့်ကိုလည်း ပေးသင့်တာပေါ့ဗျာ” ဟု ဒေါက်တာမင်းစိုးလင်းက ပြောသည်။

ဒေါက်တာမင်းစိုးလင်း၏ ဇနီးဖြစ်သူ မိကွန်းထော ကလည်း “သူတို့က စာအုပ်သစ် သက်တမ်း တိုးပေးသင့်တာပေါ့ရှင်၊ ကျမ ယောကျာ်း က မွန်လူမျိုးအတွက် ဆိုရင် အများကြီး လုပ်ပေး လာခဲ့တာပဲ မဟုတ်လား” ဟု ပြောသည်။

ဒေါက်တာမင်းစိုးလင်းသည် မွန်နိုင်ငံရေး အကျဉ်သားဟောင်း တဦး ဖြစ်ပြီး ၁၉၉၈ ခုနှစ် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ ဖွဲ့စည်းရာတွင် အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် မွန်ပြည်နယ် ရေးမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ တွင် ဝင် ရောက် အရွေးခံခဲ့ပြီး အနိုင်ရရှိခဲ့သည်။

၁၉၉၇ ခုနှစ်တွင် အမှတ် ၅ စစ်ထောက်လှမ်းရေး တပ်ဝင်းအတွင်း တပတ်ခန့် ထိန်းသိမ်းခံခဲ့ရပြီး၊ ၁၉၉၈ ခုနှစ် စက်တင်ဘာလတွင် မွန် ပြည် သစ်ပါတီကို ပေးပို့သည့် အကြံပြုစာကို လက်မှတ်ရေးထိုးခြင်းကြောင့် နအဖနှင့် မွန်ပြည်သစ်ပါတီကြား အထင်မြင် လွဲမှားအောင် ပြုလုပ်သည်ဟု ဆိုကာ အရေးပေါ် စီမံမှု အက်ဥပဒေ ပုဒ်မ ၅ (ည) ဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရသည်။ ၂ဝဝ၄ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် မော်လမြိုင် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ခဲ့သည်။

မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ အနေနှင့် လာမည့် ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင် ပါတီမှတ်ပုံတင်ရန် ရှိပြီး၊ ပြည်တွင်း မွန်နိုင်ငံရေး ပါတီနှစ်ခု ပူးပေါင်းနိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ဒေါက်တာမင်းစိုးလင်းက ပြောသည်။

No comments: