ဒီဗွီဘီ
တိုင်းရင်းသားရေးရာဝန်ကြီးတွေဟာ ကျန်တိုင်းနဲ့ပြည်နယ်က ဝန်ကြီးတွေနည်းတူ အဆောင်အယာင် ပေးရမယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ဒီကနေ့ ထပ်မံဆုံးဖြတ် လိုက်ပါတယ်။
နေပြည်တော်မှာ ခုံရုံးအဆုံးအဖြတ်သွားရောက်ခံယူတဲ့ ရန်ကုန်တိုင်းဒေသကြီးက တိုင်းရင်းသား ရေး ရာဝန်ကြီး ဦးဇော်အေးမောင်က “ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးက တိုင်းရင်းသားရေးရာ ဝန်ကြီး တွေဟာ တိုင်းနဲ့ပြည်နယ် ဝန်ကြီးတွေနဲ့ အတူတူပဲ။ အဲ့လို ဆုံးဖြတ်တဲ့အ တွက် အဆောင် အ ယောင်ကိုလည်း တိုင်းနဲ့ပြည်နယ် ဝန်ကြီးတွေနဲ့ အတူတူပေးရမယ်လို့ ဆုံးဖြတ်ပါတယ်” လို့ ပြောပါတယ်။
တိုင်းရင်းသားရေးရာဝန်ကြီးတွေ အဆောင်အယောင်ရဖို့ မနှစ်ဒီဇင်ဘာမှာ အဲဒီခုံရုံးမှာ တကြိမ်ဆုံးဖြတ်ပြီးဖြစ်ပေမယ့် ပြန်လည်သုံးသပ်ဖို့ သမ္မတက ခုံရုံးထံ ပြန်လည်တင်ပြခဲ့တဲ့အတွက် ပြန်စစ်ဆေးပြီး သမ္မတရဲ့တင်ပြချက်ကို ပယ်ချလိုက်တာပါ၊
ဒီဆုံးဖြတ်ချက်ဟာ ခုံသမာဓိ အဖွဲ့ဝင် ၉ ဦးစလုံးရဲ့ စုံညီခုံရုံးက ဆုံးဖြတ်တာ ဖြစ်တာကြောင့် နောက် ထပ်သုံးသပ်ဖို့ မရှိတော့ဘူးလို့ ဆုံးဖြတ်ချက်မှာ ပါပါတယ်။
ဒီကိစ္စရဲ့ အစပြုချက်ကတော့ ၂၀၁၀ ရွေးကောက်ပွဲအပြီး ပြည်ထောင်စု အစိုးရအပြင် တိုင်းနဲ့ပြည် နယ်တွေမှာလည်း အစိုးရ ဖွဲ့စည်းတဲ့အ ခါ တိုင်းနဲ့ပြည်နယ် တွေမှာတော့ တိုင်းရင်း သားဝန်ကြီးတွေဟာ ကျန်တဲ့ ဝန်ကြီးတွေလို အဆောင်အယောင်နဲ့ တာဝန်အရ တန်းတူမရှိဘဲ ခွဲခြားဆက်ဆံ ခံရပါတယ်။
တနိုင်ငံလုံးမှာ တိုင်းရင်းသားရေးရာဝန်ကြီး ၂၉ ဦးရှိပြီး သူတို့ဟာ ကျန်ပြည်နယ်ဝန်ကြီးက လစာ ၄ သိန်းခွဲမှာ သူတို့က ၃ သိန်းခွဲ။ ကျန် ပြည်နယ် တိုင်းဝန်ကြီးက ကားနှစ်စီးမှာ သူတို့က တစီးရကြပါတယ်။
ပြည်နယ်တိုင်းဝန်ကြီးက ကိုယ်ရေးအရာရှိ၊ တယ်လီဖုန်း၊ အိမ် စတဲ့ အဆောင် အယောင်တွေ ရှိပြီး အစိုးရအဖွဲ့ အစည်းအဝေး တက်ခွင့်ရပေမယ့် တိုင်းရင်းသားရေးရာ ဝန်ကြီးတွေက မရကြပါဘူး။
ဒါကို တိုင်းရင်းသားဝန်ကြီးတွေက မကျေနပ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဦးဆောင်ပြီး ခုံရုံးကို တင်ပြ လျှောက်ထားရာမှာ သူတို့တင်ပြချက်ကို ဒီဇင်ဘာမှာ အနိုင်ပေးခဲ့ပါတယ်။
ဒါကို သမ္မတကိုယ်စား ရှေ့နေချုပ်ရုံးက ခုံရုံးမှာ ပြန်လည်သုံးသပ်ဖို့ ဇန်နဝါရီလဆန်းမှာ တင်ပြခဲ့တာပါ။
ဒီဆုံးဖြတ်ချက်ကို အင်းတိုင်းရင်းသားရေးရာဝန်ကြီးက ကြိုဆိုလိုက်ပေမယ့် သူတို့အနေနဲ့ အစိုးရဝန်ကြီးအဖွဲ့ဝင် တဦး ရရှိတဲ့ အဆောင်ယောင်ရရှိမှုထက် လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့် ရရှိမှုကို ပိုလိုချင်တယ်လို့ ပြောပါတယ်။
ဒီနေ့ ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးရဲ့ ဆုံးဖြတ်ချက်အပေါ် ဒီအဆိုကို ဦးဆောင် တင်သွင်းတဲ့ ဒေါက်တာအေးမောင်က ကြိုဆိုလိုက်ပါတယ်။
“တိုင်းရင်းသား စည်းလုံးညီညွတ်မှုအတွက် ကောင်းပါတယ်။ အခုလို ငြိမ်းချမ်းရေး ယူတဲ့ ကာလလေးမှာ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်တို့ကို ကြိုးစားနေကြတဲ့ ကာလလေးမှာ ဒါဟာ လူထုအတွက် ရလဒ်ကောင်းလို့ သုံးသပ်ပါတယ်။”
ဒီကနေ့ ဆုံးဖြတ်တဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးရဲ့ အပြီးသတ်ဆုံးဖြတ်ချက်ကို ကိုင်စွဲပြီး တိုင်းရင်းသားရေးရာ ဝန်ကြီးတွေကို အစိုးရအဖွဲ့အတွင်းကို သွင်းပေးဖို့ အဆိုပြုချက်ဟာလည်း မကြာခင် လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးကြလိမ့်မယ်လို့ သူက ဆိုပါတယ်။
အဖွဲ့ဝင် ၉ ဦးပါ အဲဒီ ခုံရုံးမှာ သမ္မတ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတွေက ၃ ဦးစီ အညီအမျှ ခန့်အပ်ထားတာ ပါ၊
အမှုအကြောင်းချင်းရာနဲ့ စပ်လျဉ်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးကို တင်ခွင့်ရှိတာက သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် နာယကတို့အပြင် တိုင်းနဲ့ပြည်နယ် ၁၄ ခုက ဝန်ကြီးချုပ်တွေက သမ္မတကနေ တဆင့် တင်ခွင့်ရှိ ပါတယ်။
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ရဲ့ ၁ဝရာခိုင်နှုန်း လူဦးရေက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကနေ တဆင့်လည်း တင်ခွင့်ရှိပါတယ်။
No comments:
Post a Comment