Saturday, April 14, 2012

ပိတ်ဆို့မှုများ ဆိုင်းငံ့ထားသင့်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်နှင့် ဒေါ်စု ပြော

ကိုပေါက်

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကမရွန်း(David Cameron)က ၎င်းအနေနှင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထား သည့် ပိတ်ဆို့မှုများအား “ဆိုင်းငံ့ထား”သင့်ကြောင်း ပြောဆိုလိုက်ပြီး အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ကလည်း သ ဘောတူ လိုက်သည်။

ရန်ကုန်မြို့၊ တက္ကသိုလ် ရိပ်သာလမ်း နေအိမ်တွင် ဒေါ်အောင်ဆန်း စုကြည်နှင့် မစ္စတာ ကမရွန်းတို့ သောကြာ နေ့က တွေ့ဆုံ အပြီး သတင်း ထောက် များအား ပြောကြား လိုက်ခြင်း ဖြစ်သည်။

“မြန်မာ နိုင်ငံ အပေါ် ချမှတ် ထားတဲ့ ပိတ်ဆို့မှု တွေကို ဆိုင်းငံ့ ထားတာ မှန်တယ်လို့ ကျနော် ထင်ပါတယ်။ ဆိုင်းငံ့ ထားဖို့ပါ။ ရုတ်သိမ်း လိုက်ဖို့ မဟုတ် ပါဘူး။ စစ် လက်နက် ပစ္စည်း ရောင်းဝယ်မှု ပိတ်ပင် တာတော့ မပါ ပါဘူး” ဟု ဗြိတိန် ၀န်ကြီး ချုပ်က ပြောဆို လိုက်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် ကလည်း ထိုရွေးချယ် မှုအား သဘော တူကြောင်း ပြောဆို လိုက်သည်။

“ကျမအနေနဲ့ အရေးယူပိတ်ဆို့မှုတွေကို ရုတ်သိမ်းလိုက်တာနဲ့စာရင် ဆိုင်းငံ့တယ်ဆိုတဲ့ အယူအဆကို ထောက်ခံ ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒါဟာ သမ္မတ ကြီးနဲ့ အခြား ပြုပြင် ပြောင်းလဲရေး သမား တွေရဲ့အခန်း ကဏ္ဍကို အသိ အမှတ် ပြုမှု ဖြစ်ပါမယ်” ဟု သဘော ထား ပေးကာ ဗြိတိန် ၀န်ကြီး ချုပ်၏ ယခု ခရီး စဉ်မှာ အချိန်ကိုက် ရောက်ရှိ လာခြင်း ဖြစ်ကြောင်း ပြောဆို လိုက်သည်။

အရှေ့ အာရှခရီးစဉ် အတွင်း မြန်မာ နိုင်ငံသို့ သောကြာ နေ့က ရောက်ရှိ လာသည့် ဗြိတိန်ဝန်ကြီးချုပ် သည်နေပြည် တော်ရှိ သမ္မတ ဦးသိန်းစိန်နှင့်လည်း တွေ့ဆုံ ခဲ့ပြီး နောက်ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ဒေါ်အောင်ဆန်း စုကြည်နှင့် ရန်ကုန် မြို့တွင် တွေ့ဆုံကြ ခြင်း ဖြစ်သည်။

မည်သည့် ပိတ်ဆို့မှုများ ဆိုင်းငံ့ထားမည်ဆိုသည်ကို ရှင်းလင်းတိကျစွာ သိနိုင်ရန် မဇ္ဈိမ အယ်ဒီတာချုပ် ဦးစိုးမြင့်၏ အမေးကို ဗြိတိန်ဝန် ကြီးချုပ်က ဖြေကြားရာတွင် “ဒီ ပိတ်ဆို့မှု ဆိုင်းငံ့ထားခြင်းဆိုတာ စစ် လက်နက် ရောင်းဝယ်မှုတားဆီးခြင်းကိစ္စမှအပ အားလုံးအကျုံးဝင်ပါတယ်” ဟု ပြန်လည်ဖြေကြားသွားခဲ့ပြီး ဧပြီလအတွင်း လုပ်ဆောင်နိုင်လိမ့်မည်ဟုလည်း ပြောဆိုသွားခဲ့သည်။

“မြန်မာပြည်ဟာ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုသာမကဘဲ ဖွံ့ဖြိုးရေးနဲ့ စီးပွားရေး တိုးတက်မှုတွေလည်း အလွန်အမင်း လိုအပ်နေပါတယ်”ဟု ပြောဆိုလိုက်သည့် မစ္စတာကမရွန်း၏ ယခုခရီးစဉ်အတွင်းတွင် ထိပ် တန်း ဗြိတိသျှကုမ္ပဏီ ၁၀ ခုလည်း လိုက်ပါလာခဲ့ကြသည်။

မစ္စတာကမရွန်းမှာ မြန်မာပြည်အခြေအနေအား “ကိုယ်တိုင်ကိုယ်ကျ သိမြင်ချင်” ၍ လာရောက်ခဲ့ပြီးနောက် “ဒီတိုင်းပြည်မှာ အပြောင်း အလဲ အတွက် တကယ့် အလား အလာ ရှိနေပါတယ်”ဟု မှတ်ချက်ပေး ကာ “အခြား ကမ္ဘာ့ နိုင်ငံတွေ အနေနဲ့လည်း ဒီအပြောင်း အလဲ တွေကို တုန့်ပြန် သင့်”ကြောင်း သတင်းစာ ရှင်းလင်း ပွဲတွင် တိုက်တွန်း ပြောဆို သွားခဲ့သည်။

သို့သော် “သတိရှိရှိနဲ့ ဂရုတစိုက်” တုန့်ပြန်သွားရမည်ဖြစ်ကြောင်းလည်း မစ္စတာ ကမရွန်းက ပြောသည်။

“နောက်ထပ် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးတာကိုလည်း မြင်ချင်ပါသေးတယ်။ ၂၀၁၅ ခုနှစ်မှာ ကျင်းပမယ့်အထွေထွေရွေးကောက် ပွဲ ကိုလည်း စောင့်ကြည့် ရဦးမှာ ဖြစ်ပါတယ်”

တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများ ဖြေရှင်းရာတွင် တိုးတက်မှုများ တွေ့လာရသော် လည်း “လာမယ့် လတွေ နှစ်တွေမှာ ပဋိပက္ခတွေအတွက် တကယ့် နိုင်ငံရေး ဖြေရှင်းမှုကို တွေ့မြင်ချင်ပါတယ်” ဟု ဗြိတိန် ၀န်ကြီးချုပ်က ပြောဆိုသွားသည်။

ဥရောပသမဂ္ဂ EU မှ ချမှတ်ထားသည့် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု အချို့အား ၂၀၁၂ ခုနှစ်အတွင်း တွင် လျှော့ချ ထားပြီး ဖြစ် သော်လည်း နောက်ထပ် ပြန်လည်သုံးသပ်ခြင်းကို ဧပြီလ ၂၃ ရက်နေ့ EU နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ကြမည်ဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Andy Heyn ကမူ ယခု ၀န်ကြီးချုပ်၏ ခရီးစဉ်မှာ “သမ္မတနဲ့ ဒေါ် အောင်ဆန်းစုကြည်ကိုထောက်ခံ အားပေးဖို့ အတွက် ဗြိတိသျှ အစိုးရရဲ့ ရည်ရွယ်ချက်ကို ရှင်း လင်း လင်းဖော်ပြလိုက်ခြင်း”ဟု ဗြိတိန် နိုင်ငံခြားရေးဌာန အင်တာနက်စာမျက်နှာတွင် ရေးသားထားသည်။

သောကြာနေ့ သတင်းစာ ရှင်းလင်း ပွဲတွင် ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ် ကမရွန်း က သမ္မတ ဦးသိန်းစိန်၏ အမည်အား မှားယွင်းစွာ “သမ္မတ (ဦး)သန်းရွှေ”ဟု ပြောဆိုသွားသည်။

No comments: