Tuesday, April 3, 2012

ရဟန်းတော်များ၏ တောင်ဆိုမူကြောင့် စစ်တွေ- ဘူးသီးတောင် သင်္ဘောလိုင်းကို ပုဂ္ဂလိကမှ အစိုးရထံ ပြန်အပ်

နိရဉ္စရာ


ရဟန်းတော်များ၏ တောင်းဆိုမူကြောင့် ဘူသီးတောင်နှင့် စစ်တွေပြေးဆွဲနေသည့် သင်္ဘောလိုင်းကို နဂါးမင်း ကုမ္ပဏီမှ အစိုးရလက်သို့ ပြန်လည် လွဲပြောင်း လိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

" ဟုတ်တယ်။ အခု ဘူးသီးတောင်- စစ်တွေ သင်္ဘောလိုင်းကို ဧပြီလ ၂ ရက်နေ့မှ စပြီး ပြည် တွင်းရေကြောင်းပို့ဆောင်ရေးက ပြန်လည် စတင် ပြေးဆွဲနေပြီ ဖြစ်ပါတယ်။ သင်္ဘောခကိုလည်း လျှော့ချလိုက်ပါတယ်" ဟု ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ သင်္ဘောလိုင်းအား ပုဂ္ဂလိက လက်မှ အစိုးရလက်သို့ ပြန်လည် လွဲပြောင်းလိုက်ခြင်းအတွက် ၀မ်းသာကြောင်း စာရေး တောင်း ဆိုရာတွင် ဦးဆောင်ပါဝင်သူ ဦးသောမက ယခုလို ပြောသည်။

" အခု အစိုးရလက်ထဲကို သင်္ဘောလိုင်း ရောက်သွားပြီ။ သဘောင်္ခတော့ နည်းနည်းကျသွားတယ်။ ၁၈၀၀ ကျပ် ဖြစ်သွားတာပေါ့။ အရင် နဂါးမင်းဆွဲတုန်းကတော့ ၃၀၀၀ ကျပ်တော့ ၁၂၀၀ လောက် သက်သာသွားတာပေါ့။ ဒါပေမယ့် ဒီဈေးနုန်းဟာ လူထုတွေ အတွက် သင့် တော်တဲ့ ဈေးနုန်း ဖြစ်မဖြစ်ကို ခရီးသည်တွေကို မေးရအုံးမယ်။ ခုလို အစိုးရလက်ထဲ ပြန်ရောက်တော့ ဦးဇင်းတို့က ၀မ်းသာပါတယ်" ဟု ဦးသောမက ပြောသည်။

မကြာသေးမီက ဘူးသီးတောင်မြို့ပေါ်မှ ရဟန်းတော် ၂၇ ပါးက သင်္ဘောဈေးနှုန်းကို ၃၀၀၀ ကျပ်ထိ ကောက်ခံသဖြင့် ပြည်သူများ နစ်နာ နေ၍ သင်္ဘောခကို လျှော့ကောက်ရန် ပုဂ္ဂလိက သင်္ဘောလိုင်းကို ဆွဲထားသူ နဂါးမင်း ကုမ္ပဏီအား စာရေးတောင်းဆိုခဲ့ပြီး လျှော့မ ကောက် နိုင်ပါက သင်္ဘောလိုင်းကို အစိုးရကို ပြန်အပ်ရန် တောင်းဆိုခဲ့သည်။

ယခုကဲ့သို့ အစိုးမှ ပြန်လည်ပြေးဆွဲသော်လည်း သင်္ဘောဈေးနှုန်းမှာ ယခင်ကနှင့် ကွာဟမှု မရှိကြောင်း ဘူးသီးတောင် မြို့ခံ လူငယ် တ ဦးကပြောသည်။

" အခု အစိုးရက ပြန်ဆွဲမယ်ဆိုတော့လည်း ဈေးကသိပ်မကွာပါဘူး။ လက်မှတ်တစောင် ၁၈၀၀ ကျပ်ဆိုတော့ ၁၂၀၀ သက်သာတာတော့ မှန်ပါတယ်။ ကုတင်တစ်လုံးကို ၇၀၀ ဆိုတော့ သင်္ဘော တစ်ကြောင်းကို ၂၅၀၀ ကျပ်တော့ ကုန်ကျနေပါသေးတယ်။"

ဘူးသီးတောင်-စစ်တွေ သင်္ဘောခမှာ အရင်က ကျပ် ၅၀၀ သာရှိသော်လည်း ပုဂ္ဂလိက လက်ထဲကို လွဲပြောင်း ပေးပြီးနောက်ပိုင်း ပုဂ္ဂလိက ကုမ္ပဏီတခုဖြစ်သည့် နဂါးမင်းကုမ္ပဏီက (၆) ဆထိ မြှင့်တင်ကာ ကျပ် ၃၀၀၀ ထိ တိုးမြှင့်ကောက်ခံခဲ့သည်။

ဘူးသီးတောင်- စစ်တွေ ရေကြောင်း လိုင်းတွင် အစိုးရ သင်္ဘောများသာ ပြေးဆွဲနေသည် မဟုတ်ဘဲ ပုဂ္ဂလိက အမြန်ရေယာဉ်များ ဖြစ်ကြ သည့် ရွှေပြည်တန်၊ မလိခနှင့် NCR တို့လည်း ပြေးဆွဲနေကြသည်။

အမြန် ရေယာဉ်များ၏ ဈေးနှုန်းများမှာ ၇၀၀၀၊ ၇၅၀၀ နှင့် ၆၀၀၀ ကျပ်ထိ ရှိသဖြင့် အများစု ဆင်းရဲသော ပြည်သူများမှာ အစိုးရ သင်္ဘော ကိုသာ ခရီးသွားလာရာ၌ အားကိုး အားထားပြုနေကြရသည်ဟု သိရသည်။

No comments: