Wednesday, April 18, 2012

ပင်လုံ လူငယ် နှစ်ဦး သင်္ကြန် ကာလ ရေနှစ် သေဆုံး

သျှမ်းသံတော်ဆင့်

သင်္ကြန် အကြတ် နေ့၌ ပင်လုံ မြို့မှ လူငယ် နှစ်ဦး လဲချား မြို့ဘက် ရေကစား ထွက်ရာ နမ့်တိန်း ချောင်း၌ ရေနှစ် သေဆုံး သွားကြောင်း လဲချား မြို့ခံ များက ပြောပြ ပါသည်။

“ပင်လုံဆိုတာက ရေကူးနိုင်လောက်အောင် မြစ်တွေ ချောင်းတွေမရှိဘူး။ သင်္ကြန်ကာလ ရောက်တိုင်း ဒီ့ဘက်ကို ရေလာကစားကြတယ်။ အခုသေသွားတာ ရေမကူးတတ်လို့ ” - ဟု လဲချားမြို့ခံတဦးက ပြောပါသည်။

ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့၌ ပင်လုံမှ စိုင်းခေး၊ စိုင်းဆောလိန်၊ စိုင်းနန္ဒောတို့ လဲချားဘက်ရေကစား ထွက်သွားကြကြောင်း၊ မွန်း လွဲ ၂ နာရီခွဲ လဲချားမြို့အရှေ့ဘက်နှစ်မိုင်ခန့်အကွာ နမ့်တိန်း ချောင်း ၌ ရေကစား၍ စိုင်းခေးရေနစ်သည်ကို မြင်သည့် စိုင်းနန္ဒောက ဆင်းကယ်ရာ နှစ်ဦးစလုံး သေဆုံးသွား ကြောင်းဆိုသည်။

“စိုင်းနန္ဒောရဲ့အလောင်းကိုအဲဒီ့နေ့ မှာဘဲတွေ့တယ်။ စိုင်းခေးတော့ ၁၆ ရက်နေ့ကတွေ့တယ်။ ဒီကလူမှု အသင်းအဖွဲ့တွေက ပင့်သံဃာနဲ့ အသုဘ အခမ်းအနားလုပ်ပေးလိုက်တယ်။ နှစ်ဦးစလုံးက အသက် ၂၀ ဝန်းကျင်လောက်ဘဲ။ ပျော်ချင်လို့ အသက်ဆုံးရှုံးသွားတာ နမြော စရာဘဲ” - ဟု လဲချားမြို့နာရေးလိုက်ကူပေး သည့် ပုဂ္ဂိုလ်တဦးက ပြောပါသည်။

ပင်လုံမြို့သည် ရေကစားရန် ချောင်းမရှိသောကြောင့် ဒေသခံလူငယ်များမှာ လဲချား မြို့ရှိ လူစည်ကားသည့် ရေတံခွန်၊ ရေချောင်း၊ မိုင်း ကိုင်မြို့ နမ့်တိန်းချောင်းဘက် ရေကစားထွက်လေ့ရှိကြောင်း၊ နှစ်စဉ် နှစ်တိုင်း လည်း ထိုကဲ့သို့ သေဆုံးမှုရှိကြောင်း ပင်လုံ ဒေသခံ တဦးက ပြောပါ သည်။

No comments: