Thursday, April 5, 2012

မြန်မာ့အရေး အာဆီယံထိပ်သီးများနှင့် အမတ်များ သဘောထားမတူ

ကိုပေါက်

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများအား ကြားဖြတ်ရွေးကောက်ပွဲ ပြီးနောက် အမြန် ရုတ်သိမ်းပေးရန် အာဆီယံ အသင်းကြီးက တောင်းဆိုလိုက်သော်လည်း မြန်မာ့အရေး ဆောင်ရွက် နေသည့် အာဆီယံ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ AIPMC ကမူ ပိတ်ဆို့မှုမျာအား အဆောတလျင် ရုတ်သိမ်းပါက မခိုင်မာသေးသည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အား ထိခိုက်သွား စေနိုင် ကြောင်း ဗုဒ္ဓဟူးနေ့က သဘောထား ထုတ်ပြန်လိုက်ကြသည်။

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၌ကျင်းပသည့် အကြိမ် ၂ဝ မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးအပြီး ထုတ်ပြန် သည့် အာဆီယံကြေညာချက်တွင် “နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာအပေါ်ထားရှိတဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ကို ရုတ်သိမ်းရန်စဉ်းစားဖို့ ကျနော်တို့ တောင်းဆိုပါတယ်။ ဒါမှသာ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီအရေးနဲ့ အမျိုးသား ဖွံ့ညဖိုးတိုးတက်မှုတွေအတွက် မြန်မာပြည်သူတွေရဲ့ ပြင်းပြတဲ့ဆန္ဒကို ဖော်ထုတ်ပြီး ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ရရှိခံစားနိုင်မှာ ဖြစ်ပါတယ်” ဟု ပါရှိကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Hor Namhong က ဖတ်ကြားပြသည်။

“(မြန်မာအပေါ်)ပိတ်ဆို့မှုတွေကို ရုတ်သိမ်းပေးဖို့အတွက် အာဆီယံ ခေါင်းဆောင်အားလုံးက သက်ဆိုင်ရာနိုင်ငံတွေကို တောင်းဆို ပါ တယ်”ဟု ကမ္ဘော ဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်း က ပြောဆိုလိုက်ပြီး “အာဆီယံခေါင်းဆောင်တွေဟာ ရွေးကောက်ပွဲ အပေါ်မှာ ကျေနပ် အားရမှု ရှိကြပါတယ်”ဟု အာဆီယံ အထွေထွေအတွင်းရေးမှူး ဆူရင် ပစ်ဆူဝမ် က ပြောဆိုလိုက်ကြောင်း အိန္ဒိယနိုင်ငံထုတ် The Hindu သတင်းစာကြီးတွင် ဖော်ပြပါရှိသည်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa ကလည်း မြန်မာအပေါ် စီးပွားရေးပိတ်ဆို့မှုများ ရုတ်သိမ်းခြင်း သည် “အပြောင်း အလဲတွေ ရှိနေကြောင်း ပြသမယ့် အားကောင်းတဲ့ အချက်ပြမှုတခု”ဖြစ်သည်ဟု ဆိုသည်။

သို့သော် မြန်မာပြည်အရေး ဆောင်ရွက်နေကြသည့် AIPMC အာဆီယံ လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့ကမူ ပိတ်ဆို့မှုများအား အ ဆောတလျင် ရုတ်သိမ်းလိုက်ပါက တိုင်းပြည်တွင်း မတည်မငြိမ်ဖြစ်မှုကို နှိုးဆွပေးသကဲ့သို့ဖြစ်သွားနိုင်ကြောင်း သတိပေးထားသည်။

“စုပြုံကျလာမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေရဲ့ အကျိုးဆက်တွေကို ကျင်ကျင်လည်လည်ကိုင်တွယ်ဖို့ မြန်မာနိုင်ငံမှာ ဥပဒေနဲ့ အခြေခံ အ ဆောက်အအုံတွေ ချို့တဲ့နေပါသေးတယ်” ဟု AIPMC ဥက္ကဋ္ဌ အင်ဒိုနီးရှား လွှတ်တော် ကိုယ်စားလှယ် Eva Kusuma Sundari က ပြော သည်။

ထို့ပြင် “အပျက်သဘော အတွေ့အကြုံအဖြစ် အခုနှစ်တွေအတွင်းမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ကြီးမားတဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေနဲ့အတူ ပါလာတဲ့ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်ရေးရာ၊ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ သက်ရောက်မှုတွေ က သက်သေပြနေပါတယ်” ဟု ထောက်ပြပြောဆိုထားသည်။

သဘာဝပတ်ဝန်းကျင်နှင့် လူ့အခွင့်အရေးများအား ကာကွယ်ပေးမည့် စီးပွားရေးနှင့် စက်မှုလက်မှုဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ အမြောက် အများ ရေးဆွဲပြဋ္ဌာန်းရန် လိုနေသေးကြောင်းလည်း Eva Kusuma Sundari က ပြောဆို သွားသည်။

တနင်္ဂနွေနေ့က ကျင်းပပြီးစီးသွားခဲ့သည့် မြန်မာနိုင်ငံမှ ကြားဖြတ် ရွေးကောက်ပွဲ နှင့် ပတ်သက်၍မူ “လွတ်လပ် မျှတ၍ ထင်သာ မြင်သာ ရှိသော” ရွေးကောက်ပွဲအဖြစ် အာဆီယံခေါင်းဆောင်များက ရှုမြင်သကဲ့သို့ AIPMC ကလည်း “ဒီမိုကရေစီ အခွင့်အရေးများအား အောင် မြင် စွာ အသုံးချလိုက်နိုင်မှုအတွက်” မြန်မာပြည်သူများအား ဂုဏ်ပြု ချီးကျူးထားသည်။

No comments: