Sunday, April 1, 2012

မဲပြားတွေ ဖယောင်းသုတ်သလား

ကျော်ခ on April 1, 2012


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် ရွေးချယ်ခံမည့် ရန်ကုန်တိုင်း ကော့မှူး မဲဆန္ဒနယ်မြေ အပါအဝင်၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်းနှင့်မကွေးတိုင်းတွင်းရှိ မဲဆန္ဒနယ်မြေများတွင် မဲကတ်ပြားများပေါ်၌ ဖယောင်းရည် သုတ်ထားမှု များရှိသည်ဟု မဲဆန္ဒရှင်များက ပြောဆိုမှုများကို ကြားသိနေရကြောင်း ပြည်တွင်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ ကွန်ရက်အဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်သည်။

မဲကတ်ပြားများပေါ်တွင် ပြိုင်ဖက်ပါတီများ၏ အမှတ်အသားပြုရမည့် နေရာများ မတွေ့ရှိရဘဲ NLD တခုတည်းသာ ဖြစ်နေကြောင်း၊ ထို့သို့ ဖြစ်ပွားမှုများထဲတွင် ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်တွင် အဆိုးဆုံး ကြုံတွေ့နေရသဖြင့် မဲပေးသူများမှာ ဆန္ဒပြ၍ မရကြောင်း ဆန္ဒမဲပေး သူများကို တွေ့ဆုံမေးမြန်းမှုများကို ကိုးကားပြောဆိုသည်။

“တချို့ မဲဆန္ဒရှင်တွေကတော့ ဖယောင်းကို လက်သည်းနဲ့ ခြစ်ပြီးရေးတယ်။ မှင်မထင်တော့ အတင်းခြစ်တယ်။ ကတ်ပြားတွေ ပျက်စီး ကုန်တယ်။ တချို့က မဲရုံမှူးတွေဆီမှာ ပြန်လဲတယ်။ မဲရုံမှူးတွေက တယောက်ကို တပြားပဲရမယ်ဆိုပြီး ထုတ်မပေးဘူး” ဟု ၈၈ မျိုးဆက် ကျောင်းသားများ ဦးဆောင်သော ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ ကွန်ရက်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုမိုးသွေးက ဧရာဝတီသို့ ပြောသည်။

မန္တလေးတိုင်း၊ တံတားဦး အမှတ် ၄ မဲရုံတွင် မဲကတ်ပြားပေါ်တွင် ဖယောင်းသုတ်ထားခံရမှု ကြုံတွေ့ရသူများ ရှိနေသည့်အပြင် မဲပေးရန် လာရောက်သူ ၄၀ ကျော်မှာလည်း မဲစာရင်းတွင် မပါဝင်ဟု မဲရုံမှူးကပြောသဖြင့် မဲပေးခွင့်မရဘဲ ပြန်သွားခဲ့ ရကြောင်း ယင်းမဲရုံတွင် ရောက်ရှိနေသည့် ပြည်တွင်း သတင်းထောက်တဦးက ပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်ကမူ ယင်းမဲလက်မှတ်များကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်နှင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်း၏ နေပြည်တော်စက်ရုံ၌ တပြည်လုံးအတွက် ပုံနှိပ်ကြောင်း၊ ပါတီတခုတည်း ကွက်၍ ထိုသို့ လုပ်ဆောင်ရန် မဖြစ်နိုင် ကြောင်း၊ မဲလက်မှတ်မှာ ပါတီအထက်အောက် ထားရှိမှုသည် မဲဆန္ဒနယ်အလိုက် ၀င်ပြိုင်သော ပါတီအနည်းအများပေါ် မူတည်ပြီး ကွဲပြား ကြောင်း၊ လက်နှင့်သုတ်ရန်လည်း သိန်း၊ သန်းချီသော လက်မှတ်များကို သုတ်ရန် မဖြစ်နိုင်ကြောင်း ပြောဆိုသည်။

“ပြန်ကြားရေးဝန်ကြီးဌာနဘက်က ပြောရရင်တော့ ကျနော်တို့ ရိုက်နှိပ်လိုက်တဲ့မဲလက်မှတ်များမှာ မဲပေးလို့ မရအောင်၊ အမှန်ခြစ်လို့ မရ အောင် ဖယောင်းသုတ်ထားတယ်ဆိုတာ လုံးဝ မမှန်ပါဘူးလို့ အခိုင်အမာ ပြောလိုပါတယ်” ဟု ဦးရဲထွဋ်က သူ၏ Facebook စာမျက်နှာ တွင် ရေးသားထားသည်။

No comments: