Friday, April 6, 2012

အသုံးချခံနေရခြင်းကို ကိုယ်တိုင်သိဖို့လိုကြောင်း ဆရာမဂျူး ပြော

ရဲမင်း

ဂျာနယ် များတွင် ပါရှိသည့် စီးပွားရေး ကြော်ငြာ များနှင့် ရုပ်သံ ကဏ္ဍ များတွင် အမျိုး သမီးများ အား မည်သို့ အသုံးချ နေသည်ကို အမျိုး သမီးများ ကိုယ်တိုင် သတိထား သင့်ကြ ကြောင်း စာရေး ဆရာမ ဂျူး က ပြောသည်။

ရန်ကုန်မြို့တွင် သုံးရက်ကြာ ပြုလုပ်ခဲ့သည့် ‘မီဒီယာ ထဲမှ အမျိုး သမီးများ’ (Women in Media Forum) ဆွေးနွေးပွဲ နောက်ဆုံးနေ့ ကြာသပတေး နေ့တွင် ဆရာမက ထိုသို့ ပြောဆို လိုက်ခြင်း ဖြစ်သည်။

“အမျိုးသမီး တွေက မီဒီယာကို ဘယ်လို အသုံးချ နေသလဲ၊ အမျိုး သမီး တွေကို မီဒီယာက ဘယ်လို အသုံးချ နေသလဲ။ ဒါကို အမျိုး သမီးတွေ ကိုယ်တိုင် သိဖို့လိုတယ်။ ကြည့်တဲ့ ပရိသတ်လည်း သိဖို့လိုတယ်။ နောက် ကိုယ်တိုင် ပါဝင်တဲ့ အမျိုးသမီး ကိုယ်တိုင်လည်း သိဖို့လိုတယ်” ဟု ဂျူး က ပြောဆို သတိပေး သွားသည်။

Creative Media House (CMH)၊ Yangon Film School(YFS) နှင့် Local Print Media တို့ ကမ ကထပြု စီစဉ်ပြီး ရန်ကုန်မြို့ စင်ထရယ် ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် အဆိုပါ ဆွေးနွေးပွဲ နောက်ဆုံး နေ့သို့ ပြည်တွင်းမှ အမျိုးသမီး သတင်း ထောက်များ၊ စာရေး ဆရာမများ၊ အနု ပညာရှင် များနှင့် အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများ စုစုပေါင်း ၃ဝ ခန့် တက်ရောက်ဆွေးနွေးခဲ့ကြသည်။

မီဒီယာလောကအတွင်းမှ အမျိုးသမီးများ ကြုံတွေ့နေရမှုများကိုလည်း ပြည်တွင်း အမျိုးသမီး သတင်းထောက်များက အတွေ့အကြုံများ ဖလှယ်ကြရာ ဆဲဗင်းဒေး အပတ်စဉ်ဂျာနယ်မှ မအေးသူစံကလည်း သူမ ကြုံတွေ့ခဲ့ရသည့် ရုပ်ရှင် မင်းသမီး ထက်ထက်မိုးဦးနှင့် အမှုအကြာင်း ပြောပြခဲ့သေးသည်။

မအေးသူစံမှာ အင်တာဗျူး မေးခွန်းကြောင့် သရုပ်ဆောင် မင်းသမီး ထက်ထက် မိုးဦး၏ ကိုယ်ထိ လက်ရောက် ကျူးလွန်မှု ကို ခံခဲ့ရပြီး တရား ပြန်လည် စွဲဆို ခဲ့ရာ ရန်ကင်းမြို့နယ် တရားရုံးက ထက်ထက်မိုး ဦး အား ဒဏ်ငွေ တထောင် ပြစ်ဒဏ် ချမှတ်ခဲ့သည်။

No comments: