Monday, April 2, 2012

အမှတ် ၃ မဲဆန္ဒနယ်မှ မဲများ ရေတွက်ဆဲ၊ ကျားဖြူပါတီ အလား အလာကောင်း

သျှမ်းသံတော်ဆင့်


ယနေ့မနက်ပိုင်း မဲဆန္ဒနယ်အမှတ် ၃ လားရှိုး၌ မဲများကိုဆက်လက်ရေတွက်နေရာ ကျားဖြူပါတီက ရှေ့ပြေးအနိုင်ရ နေကြောင်း မိုင်း ရယ်မြို့နှင့် သိန္နီမြို့၌လည်း ကျားဖြူပါတီမှ အများဆုံးဖြင့် အနိုင်ရနေ ကြောင်း သိရသည်။

“ မိုင်းရယ်မှာ မဲရုံ ၄၅ ရုံရှိတယ်။ ည ၁၀ နာရီကျော်က မဲတွေကိုရေတွက်တော့ ကျားဖြူပါတီက ၉၀၅၀ မဲနဲ့ ရှေ့ပြေးနေ တယ်။ NLD က ၂၉၇၁ မဲနဲ့ ကြံ့ခိုင်ရေးပါတီက ၂၇၃၁ မဲ ” ဟု လားရှိုးလူငယ် စိုင်းလူကပြောသည်။

လားရှိုးမြို့ပေါ် မဲရုံ ၁၂၄ ရုံအနက် ယမန်နေ့ညသန်းခေါင်ကျခါနီးသိရသော စာရင်းအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၂၀၅၃၅၊ ကျားဖြူပါတီက ၁၀၁၄၈ ရှိပြီး ယနေ့မနက်ပိုင်းတွင်မူ ကျားဖြူပါတီက မဲများအသာရရှိလာကြောင်း ကော့လီမီဒီယာက ပြောသည်။

“ ကျားဖြူပါတီက ၃၉၀၀၀ ကျော် ရှိပြီး NLD က ၃၄၀၀၀ ကျော်သာရတယ်။ ကြံ့ခိုင်ရေးကတော့ ၂၈၀၀၀ ဘဲ။ ဒါပေမယ့် လားရှိုးမြို့တွင်း မဲရေတွက်မှုမပြီးဆုံးသေးဘူး။ တခြားသော ၄ မြို့နယ် ကမဲတွေနဲ့လဲ မပေါင်းရသေးဘူး” ဟု လားရှိုးမြို့၌ ယှဉ်ပြိုင်သော ကျားဖြူ ကိုယ် စားလှယ် စိုင်းစံမင်းကပြောကြောင်း အဆိုပါမီဒီယာက ပြောသည်။

လားရှိုးမြို့နယ်အတွင်း ရပ်ကွက် ၅ အတွင်း မဲရုံ အမှတ် ၌ မဲပေးပိုင်ခွင့်ရှိသူ ၁၃၅၅ အနက် မဲပေးသူ ၄၅၄ သာ ရှိကြောင်း၊ ၉၀၀ ကျော် မှာပျောက်နေကြောင်း ဆိုပါသည်။ မန်ပန်ဌာနေပြည်သူ့စစ် ခေါင်းဆောင် ဗိုလ်မွန်းထိန်းချုပ်နယ်မြေဖြစ်သော မိုင်းယော်တိုင်နယ် မန့်မတ် အုပ်စုတွင် မဲဆန္ဒရှင် ၅၃၅ ရှိရာ တဦးတယောက်မျှ မဲလာမပေးကြကြောင်း အကြောင်းရင်းကိုမူ စုံစမ်းနေဆဲဖြစ်ကြောင်း စိုင်းလူက ဆက် လက်ပြောပြသည်။

“ လားရှိုးမြို့ထဲမှာနေတဲ့ မန်ပန်ဌာနေပြည်သူ့စစ်ရဲ့ မိသားစု လူဦးရေ ၃၀-၄၀ လောက် မနေ့က လားရှိုးမြို့မှာရှိတဲ့ သျှမ်း စာပေ ယဉ်ကျေးမှုရုံးကို လာပြီးမဲထည့်မလို့ဆို မဲရုံမှူးက ပေးမထည့်ဘူးဆိုဘဲ။ သူတို့စာရင်းတွေက မြို့ပေါ်မှာမရှိတာလား ဘာလား ဒါလဲ ဆက်လက် စုံစမ်း နေတုန်းဘဲ။ လားရှိုးမြို့ထဲမှာ ကိုးကန့်တို့ လားဟူတို့တခြားတိုင်းရင်းသားတွေ မဲလာထည့်ကြ တယ်။ မဲလာမထဲ့တဲ့ အများစုက သျှမ်းတွေ ဘဲ။ တချို့လဲ မဲပေးရကောင်းမှန်းမသိ၊ တချို့ကလဲ မပေးချင်ကြဘူး၊ ဒါကျနော် တို့ ကျေးလက်လူထုတွေ နိုင်ငံရေးဖက်မှာ စိတ်ဝင်စားမှု အရမ်းနည်းတာကိုပြတာဘဲ” ဟု စိုင်းလူကပြောသည်။

သိန္နီမြို့တွင်မူ ကျားဖြူပါတီမှ မဲ ၉၀၀၀ ကျော်ဖြင့် အနိုင်ရနေကြောင်း အသေးစိတ်ကိုမူဆက်လက် မေးမြန်းနေကြောင်း သိန္နီမြို့မှ ကျား ဖြူ ပါတီဝင်ကပြောသည်။

တရုတ်လူဦးရေများသော ကွန်လုံတွင်မူ ကိုးကန့်ပါတီက ရှေ့ပြေးအနိုင်ရနေပြီး ကျားဖြူပါတီအနေဖြင့် မဲအချပ်ရေ ၅၀၀ ကျော်သာ ရရှိ ကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

No comments: