Sunday, April 1, 2012

မော်လမြိုင် မဲဆန္ဒနယ်တွင် မိမိတို့ ပါတီ အနိုင်ရမည်ဟု မွန်ပါတီပြော

ကောင်းဝါသတင်းဌာန


မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက လာမည့် တနင်္ဂနွေနေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် မိမိတို့ ပါတီမှ ဝင်ရောက် အရွေးခံသည့် မွန်ပြည်နယ် မော်လမြိုင် မဲဆန္ဒနယ်၌ အနိုင်ရမည် ဖြစ်ကြောင်း ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲအတွက် ယမန်နေ့က မော်လမြိုင်မြို့တွင်း စည်းရုံးရေး ဆင်းချိန်တွင် လက်ရှိ အမျိုးသားလွှတ်တော်အမတ်တဦး ဖြစ်သူ ဒေါက်တာဗညားအောင်မိုးက မိမိတို့ ပါတီကသာ မဲအများစုနှင့် အနိုင်ရမည် ဖြစ်ကြောင်း ကောင်းဝါသတင်းဌာနသို့ ပြောသည်။

“မော်လမြိုင်မှာ လူဦးရေ အများစုက မွန်တွေပဲ ရှိတယ်၊ အခုရွေးကောက်ပွဲမှာ ကျနော်တို့ ပါတီက မဲအများစုနဲ့ အနိုင်ရမယ်လို့ ယုံကြည် တယ်” ဟု ပြောသည်။

ကြားဖြတ် ရွေးကောက်ပွဲသည် လာမည့် တနင်္ဂနွေနေ့တွင် ကျင်းပမည် ဖြစ်သည့်အတွက် ရွေးကောက်ပွဲအတွက် စည်းရုံးရေး ဆင်းချိန် သည် တရက်သာ ကျန်ရှိမည် ဖြစ်သည်။

“ဒီကနေ့ ကျနော်တို့ ကားပေါ်ကနေ မွန်သီချင်းတွေ ဖွင့်ပြီးတော့ မဲဆွယ်နေတုန်းပဲ” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိန်းက ပြောသည်။

“ဈေးမှာ လှည့်လည်ပြီးတော့ စည်းရုံးတယ်၊ တအိမ်ပြီးတအိမ် သွားတယ်၊ မွန်တွေက သူတို့အိမ်ကို ဝင်လာတဲ့အခါ အပြုံးတွေနဲ့ ဆီးကြို တယ်” ဟု ဒေါက်တာ ဗညားအောင်မိုးက ပြောသည်။

မော်လမြိုင်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်၏ မတ်လ ၇ ရက်နေ့ ထုတ်ပြန်ချက်တွင် မဲပေးနိုင်သူစာရင်း ၁၅၄, ၃၅၃ သာ ရှိသော်လည်း ပြန်လည် စိစစ်ပြီးနောက် မတ်လ ၂၈ ရက်နေ့ ထုတ်ပြန်ချက်တွင် ၁၅၈, ၂၁၉ ဦး ရှိကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ မဲ အောင်နိုင်ရေး ကော်မတီ ဥက္ကဋ္ဌ နိုင်အောင်ချမ်းက ပြောသည်။

ကျေးရွာနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးအချို့က မဲစာရင်းကို ထိန်ချန်ထားသည်ဟု သူက ဆိုသော်လည်း ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ သည် ၂၀၁၀ ရွေးကောက်ပွဲထက် များစွာ အဆင်ပြေ ချောမွေ့လာသည်ဟု နိုင်အောင်ချမ်းက ဆိုသည်။

မဲပေးပိုင်ခွင့်စာရင်းတွင် မပါဝင်သူများသည် မဲပေးခွင့်ရရန်အတွက် သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်ထံသို့ နိုင်ငံသား စိစစ်ရေး ကဒ်ပြားနှင့်တကွ သန်းခေါင်စာရင်းကို တင်ပြရသည်။

ယခု ထုတ်ပြန်သည့် မဲဆန္ဒရှင်စာရင်းသည် ပြီးပြည့်စုံသည့် စာရင်း မဟုတ်ဘဲ လွဲမှားမှုများ ရှိသေးသော်လည်း မိမိတို့ ပါတီအနေနှင့် အ ချိန် မရှိတော့သည့်အတွက် ပြင်ဆင်ရန် မဖြစ်နိုင်တော့ကြောင်း နိုင်အောင်ချမ်းက ပြောသည်။

မွန်ပြည်နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် လစ်လပ်သည့်နေရာ တနေရာသာ ရှိပြီး ၎င်းမှာ သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ဖြစ်သွား သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးအေးမြင့် အနိုင်ရခဲ့သည့် မော်လမြိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာ ဖြစ်သည်။

ထိုနေရာအတွက် မော်လမြိုင်မြို့နယ်တွင် မဲရုံပေါင်း ၁၁၉ ရုံ ရှိပြီး၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဒေါ်ခင်ဌေးကြွယ်၊ မွန်ဒေသလုံး ဆိုင် ရာ ဒီမိုကရေစီပါတီမှ ဒေါ်မြင့်မြင့်ဝေ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ဦးအောင်သန်းဦးနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီမှ ဦးတင်စိုးမိုးနိုင်တို့ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

No comments: