ဖနိဒါ | အင်္ဂါနေ့၊ ဧပြီလ ၁၇ ရက် ၂၀၁၂
ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် နှစ်ဆန်းတရက်နေ့က ရန်ကုန်တိုင်း၊ ကော့မှူးမြို့ နယ်တွင် ကံစမ်းမဲ ဖောက်ရာ ပထမဆု အဖြစ် ကမာမက် ကျေးရွာက ရရှိသွား ခဲ့သည်ဟု ဒေါ်အောင်ဆန်း စုကြည်၏ လုံခြုံရေး တာဝန်ယူ ထားသူ ဦးခွန် သာမြင့်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က မိခင်ဒေါ်ခင်ကြည်၏ နှစ်တရာပြည့် အထိမ်းအမှတ်အဖြစ် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ဧပြီလ ၁၆ ရက်နေ့က ထူထောင်ထားခြင်း ဖြစ်သည်။ ဖောင်ဒေးရှင်း၏ ရန်ပုံငွေထဲမှ ကျပ် သိန်း ၃၀၀ ကိုဒေါ်အောင်ဆန်းစုကြည်၏ မဲဆန္ဒနယ်မြေဖြစ်သော ကော့ မှူးမြို့နယ်မှ ကျေးရွာအုပ်စုပေါင်း ၆၂ စုတွင် ကံစမ်းမဲသုံးခု ဖောက်ခဲ့ရာ ပထမဆု ကျပ် ၁၇၅ သိန်းကို ကမာမက်ရွာက လည်း ကောင်း၊ ဒုတိယဆု ကျပ် ၇၅ သိန်းကို ဆတိုင်မွန်ရွာ က လည်းကောင်း၊ တတိယဆု ကျပ် သိန်း ၅ဝ ကို ပုပ္ပါးရွာက လည်းကောင်း အသီးသီး ရရှိသွားခဲ့ခြင်းဖြစ်သည်။
“ဒေါ်အောင်ဆန်းစုကြည်က ကျောင်းနဲ့ ကပ်လျက်မှာရှိတဲ့ စင်မှာ အခမ်းအနားဖွင့်တယ်။ ပြီးတော့ ရွာသုံးရွာ ကံစမ်းမဲကို ၆၂ အုပ်စု ကိုယ်စားပြုပြီးတော့ အဆိုတော်တွေ၊ သရုပ်ဆောင်တွေ မဲနှိုက်ပေးပါတယ်။ ပထမဆု ကမာမက်က ရသွားပါ တယ်”ဟု ဦးခွန်သာမြင့်က မဇ္ဈိမကို ပြောသည်။
ကော့မှူးမြို့ရှိ ဝိဇ္ဇောဒယ ကျောင်းတိုက်မှ ဆရာတော်အား ဒေါ်အောင်ဆန်းစုကြည်က သင်္ဃန်းကပ်လှူပြီးနောက် ကံစမ်းမဲ အစီအစဉ် ပြုလုပ်ခြင်း ဖြစ်သည်။
ကော့မှူးမြို့မှ အရှေ့ဘက် ၁၆ မိုင်အကွာရှိ ဆဆိုင်မွတ်ကျေးရွာ ဒေသခံ ဦးစိုးမြင့်က မဲပေါက်ငွေကို ဆင်းရဲကျေးရွာလေး အတွက် လိုအပ်သည့်နေရာတွင် အသုံးချနိုင်မည်ဖြစ်၍ ဝမ်းသာကြောင်း ပြောသည်။
“ဝမ်းလည်းသာပါတယ်း။ ကံလည်း ထူးပါတယ်။ ဒီပါတီကိုလည်း လေးလည်း လေးစားတယ်။ ဂုဏ်လည်းယူပါတယ်။ ဝမ်းလည်း သာပါ တယ်။ ကျနော်တို့ ရွာမှာ ခုလို ဒုက္ခ ရောက်ပြီး လိုအပ် နေတဲ့ နေရာ၊ ဆင်းရဲ နွမ်းပါးတဲ့အတွက် ခုလို ဆုရသွားတော့ အတိုင်းနဲ့အလွန် ဝမ်းမြောက်ပါတယ်။ ကျနော်တို့ကျေးရွာ လိုအပ်တဲ့နေရာလေးကို သုံးလို့ရတာ ဝမ်းသာပါတယ်”ဟု သူက မဇ္စျိမကို ပြောသည်။
ဆတိုင်မွတ် ကျေးရွာသည် လိုအပ်ချက် များစွာ ရှိနေ သော်လည်း အဓိက အားဖြင့် မိုးတွင်း ကာလတွင် ရေကြီး သည့်အခါ တခါတရံ ရေမြုပ် လေ့ရှိ သဖြင့် ရေမတိုး နိုင်ရန် (တာ)ကာရန် လိုအပ် နေသလို၊ အမက စာသင် ကျောင်းလည်း ပြန်လည် ပြုပြင်ရန် လိုအပ် နေပြီး မည်သည့် နေရာတွင် အသုံးပြုသွားမည်ကို မဆုံးဖြတ်ရသေးကြောင်း ဦးစိုးမြင့်က ဆက်ပြော သည်။
အဆိုပါ ဆုငွေများကို ကံစမ်းမဲ ပေါက်ခဲ့သော ကျေးရွာသားများ ကိုယ်တိုင် စည်းဝေး ဆုံးဖြတ်၍ အများအကျိုးရှိမည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် လိုအပ်ချက် တခုခုအတွက် အသုံးပြုသွားမည် ဖြစ် ကြောင်း ဦးခွန်သာမြင့်ကပြောသည်။
ထိုခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အား ရုပ်ရှင်သရုပ်ဆောင်နှင့် ဂီတအနုပညာရှင်များ ဖြစ်သော လူမင်း၊ ဝေဠုကျော်၊ ကိုရဲလွင်၊ ဆောင်းဦးလှိုင်၊ မျိုးကျော့မြိုင်၊ အနဂ္ဂ၊ သျှီ၊ သံသာဝင်း၊ သားထွေးတို့ အပါအဝင် လိုက်ပါ ကူညီခဲ့ပြီး ဖျော်ဖြေခဲ့ကြသည်ဟု သိရသည်။ အခမ်းအနားအပြီး ဒေါ်အောင်ဆန်းစုကြည်က စင်ပေါ်တက်ပြီး အဆိုတော်များနှင့်အတူ “မြနန္ဒာ”သင်္ကြန် သီချင်း သီဆို ဖျော်ဖြေ ခဲ့ကြ သည် ဟု သိရ သည်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ဒေါ်အောင်ဆန်းစုကြည်က သိန်း ၁ဝဝ မတည်ကာ ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။ ပြည်သူ လူထုအတွက် လူမှု ရေးလုပ်ငန်းများတွင် ကူညီထောက်ပံ့သွားရန် ရည်ရွယ်၍ ထူ ထောင် လိုက်ခြင်း ဖြစ်ကာ ပထမဆုံး အဖြစ် ကော့မှူးမြို့နယ် ကျေးရွာ သား များအတွက် လှူဒါန်းလိုက်ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်ဆောင်ဆန်း၏ ဇနီး မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်သည် ၁၉၁၆ ခုနှစ် ဧပြီလ ၁၆ ရက်နေ့တွင် ဧရာဝတီတိုင်း မြောင်းမြမြို့တွင် အဖ ဦးဗိုလ်ငြိမ်း အမိ ဒေါ်ဖွားစုတို့မှ မွေးဖွားခဲ့သည်။
၁၉၆ဝ ခုနှစ်က ဒေါ်ခင်ကြည်အား မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသမီး သံအမတ် အဖြစ် အိန္ဒိယနှင့် နီပေါလ် နိုင်ငံများ အတွက် ပူးတွဲ တာဝန်ပေး အပ်ခြင်း ခံခဲ့ ရသည်။
ဒေါ်ခင်ကြည်သည် ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်ပြီးနောက် သံအမတ် တာဝန်အပြင် လွှတ်တော်အမတ်၊ မြန်မာ အမျိုးသမီးအသင်း ဥက္ကဋ္ဌနှင့် အခြား လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့သူဖြစ်ပြီး သူ့၏ စွမ်းဆောင်မှုကို အစိုးရမှ အသိအမှတ် ပြုသောအားဖြင့် မဟာ သီရိ သုဓမ္မ ဘွဲ့ကိုလည်း ချီးမြင့်ခြင်း ခံခဲ့ ရသည်။
၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ဒေါ်ခင်ကြည် ကွယ်လွန်ခဲ့ပြီးနောက် သားကြီး ဦးအောင်ဆန်းဦးနှင့် သမီး ဒေါ် အောင်ဆန်း စုကြည် တို့ ကျန်ရစ် ခဲ့သည်။
No comments:
Post a Comment