Friday, April 6, 2012

ဖောင်းဆိုင် မြန်မာအစိုးရလုံခြုံရေးဂိတ်ကို KIA မှ စီးနင်း ဖျက်ဆီး

KNG

ရှမ်းပြည် မြောက်ပိုင်း မုံးကိုး မြို့နယ်ရှိ အရေး ပါသော ဖောင်းဆိုင် မြန်မာ အစိုးရ လုံခြုံရေး ဂိတ်ကို KIA နှင့် ၎င်း၏ ပြည်သူ့စစ်များ ပူးပေါင်းပြီး ဧပြီ ၅ ရက်၊ သောကြာနေ့ ညတွင် ဝင်ရောက် စီးနင်း ဖျက်ဆီး ခဲ့ကြောင်း ဒေသခံ များပြော သည်။

အဆိုပါ ဂိတ်ရှိ ရဲ ၂ ဦးနှင့် စစ်သား ၃ ဦးအား အရှင်လက်ရဖမ်းဆီးနိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လွတ်ပေးခဲ့သည်ဟု အထူး မုံးကိုးဒေသ KIA တပ်မှ အရာတဦးပြောသည်။

KIA တပ်ရင်း ၃၆ နှင့် KIA ပြည်သူ့စစ် တပ်ခွဲ ၆ မှ တပ်သားများ ပူးပေါင်းပြီး ဒေသတွင်း စစ်ရေး အရ သော့ချက် ကျသော ဖောင်းဆိုင် အစိုးရ လုံခြုံရေး ဂိတ်ကို ဝင်စီးပြီး မီးရှူိ့ဖျက်ဆီး ခဲ့ခြင်း ဖြစ်သည်။

အစိုးရလုံခြုံရေးဂိတ်သည် ပန်ဆိုင်း (ကြူကုတ်) ရွာအနီး မုံကိုးနှင့် ဖောင်းဆိုင်သွားလမ်းမကြီးပေါ်တွင်ရှိပြီး အစိုးရ လုံခြုံရေးတပ်များ၏ သတင်းအချက်အလက် စုဆောင်းသည့်နေရာလည်းဖြစ်သည်ဟု ဒေသခံ KIA တပ်ရင်း ၃၆ မှ အရာရှိများပြောသည်။

အစော ပိုင်းက ထိုဂိတ်တွင် နေ့ဘက်မှာ ဆလန် လော်ယောင်း ဦးဆောင်သည့် ဖောင်းဆိုင် ပြည်သူ့ စစ်မှ ဖြတ်သန်း သွားလာ သူများထံ ငွေကောက် လျက်ရှိပြီး ညဘက်တွင် မြန်မာ အစိုးရ တပ်မှ ပြန်လည် ပြီး သတင်း ယူရင်း အဓမ္မငွေတောင်း ခံမှုများ ပြုလုပ်ခဲ့ သည်ဟု ဒေသခံ များပြောသည်။

ဧပြီ ၁ ရက်၊ တနင်္ဂနွေနေ့ ကြားဖြတ်ရွေးကောက်ပွဲနေ့တွင် ပန်ဆိုင်းအနီး မြန်မာအစိုးရစစ်တပ်နှင့် KIA တပ်ရင်း ၃၆ မှ တပ်သားများကြား တိုက်ပွဲများဖြစ်ပွား ရာ မြန်မာအစိုးရဘက်မှ ၄ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့သည်။ သေဆုံးသူများတွင် ဒူကိန်မိုင်နှင့် ၎င်း၏ညီ ဒူမွန်း ဦးဆောင်သော မုန်ဘော်ပြည်သူ့စစ်မှ အဖွဲ့ဝင်များလည်း ပါဝင်ခဲ့သည်။

သမ္မတဦးသိန်းစိန် အစိုးရသည် KIO/KIA ဗဟိုဌာနချုပ် လိုင်ဇာကို သိမ်းပိုက်ရန် ရည်ရွယ်ချက်ဖြင့် ၎င်းတည်ရှိရာ မြစ်ကြီးနား-ဗန်းမော် ကားလမ်းမဘက် အထူးစစ်ဆင်ရေးအား ပြီးခဲ့သည့် ဇန်န၀ါရီလက စတင်လာသည်ဟု KIO အရာရှိများဆိုသည်။

No comments: