Saturday, April 14, 2012

မြန်မာအစိုးရတပ်အား နေရာမရွေးတိုက်ခိုက်ရန် KIO အမိန့်ပေး

KNG

မြန်မာ အစိုးရက ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) အား (၁၀)လ ကျော် ထိုးစစ် ဆင်လာ ပြီးနောက် KIO က ကချင် ပြည်နယ်နှင့် ရှမ်းပြည် မြောက်ပိုင်းရှိ ၎င်း၏ တပ်ဖွဲ့ များသို့ “အစိုးရ တပ်အား နေရာ မရွေး တိုက်ခိုက်ရန်” လွန်ခဲ့သည့် အပတ်က အမိန့်ပေး ခဲ့ကြောင်း KIO အရာရှိ များဆို သည်။

ယခု အမိန့် အရ အစိုးရ ထိန်းချုပ် ဒေသ များသို့ ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) စစ်သားများ ၀င်ရောက် တိုက်ခိုက်ခြင်းကို ခွင့်ပြု လိုက်ခြင်း ဖြစ်သည်။

သင်္ကြန် ပြီးနောက် သမ္မတ ဦးသိန်းစိန် အစိုးရက စစ်အင်အား ထောင် ဂဏန်းဖြင့် KIO ဗဟို ဌာနချုပ် လိုင်ဇာအား တိုက်ခိုက် သိမ်းပိုက်ရန် စစ်ဆင်ရေး အစီ စဉ်များ ပြုလုပ် နေခြင်း ကြောင့် အစိုးရ စစ်ရေး ပစ်မှတ်များ အားလုံး မည်သည့် နေရာတွင် မဆို တိုက်ခိုက်ရန် KIA တပ်များသို့ အမိန့်ပေး လိုက်ခြင်း ဖြစ်သည်။

နောက်ဆုံး စစ်မိန့်နှင့် ပတ်သက်ပြီး KIO မှ တရားဝင် ကြေညာချက် ထုတ်ပြန်ခြင်း မရှိ သေးပါ။

ပြီးခဲ့ သည့်နှစ် ဇွန်လမှ ယခု မတ်လ အထိ မြန်မာ့ တပ်မ တော်၏ KIO ပေါ် စစ်ဆင်ရေး ပြုလုပ် ရာတွင် KIO က အစိုးရ တပ်အား ထိုးစစ်ဆင် တိုက်ခိုက်ခြင်း မပြုရန် ၎င်း၏ လက်နက်ကိုင် တပ်များကို တား မြစ် ထားသော်လည်း မိမိ နယ်မြေထဲ ကျူးကျော် လာသည့် စစ်ကြောင်း များကို အကန့် အသတ်ဖြင့် ခုခံ တိုက်ခိုက်ရန် ခွင့်ပြု ထားခဲ့သည်။

မြန်မာအစိုးရနှင့် KIO အဖွဲ့သည် တရုတ်ပြည်၊ ယူနန်ပြည်နယ် ရွှေလီမြို့တွင် ပြီးခဲ့သည့် မတ်လအထိ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးခြင်း (၃) ကြိမ်ပြုလုပ်ခဲ့သည်။ သို့သော် အနှစ် (၅၀) ကျော်ကြာ နှစ်ဖက် နိုင်ငံရေးပြဿနာဖြေရှင်းရန်ကိစ္စ သဘောတူညီမှု မရခဲ့ပေ။

နှစ်ဖက်ကြား အဓိက ခြားနား နေမှုမှာ ဦးသိန်းစိန် အစိုးရက အပစ် ခတ်ရပ် ဆိုင်းရေး ပထမ ပြုလုပ်ပြီး ယင်းနောက် ၂၀၀၈ အခြေခံ ဥပဒေ အတိုင်း နိုင်ငံရေး ဆွေးနွေး လိုသည်။ သို့သော် KIO ဘက်မှ တင်ပြ ထားခြင်းသည် ပြည်ထောင်စု အစ ပြုခဲ့သည့် ၁၉၄၇ ပင်လုံ စာချုပ် ကတိ က၀တ် အတိုင်း နိုင်ငံရေး ပြဿနာကို အရင်ဆုံး ဖြေရှင်း ပြီးမှ နောက်ဆုံး နက်လက် ကိုင်တပ် ကိစ္စ ဆွေးနွေး ရေးဖြစ် သည်။

၁၇ နှစ် ကာလ အပစ်ခတ်ရပ်ဆိုင်းထားမှု အတွေ့အကြုံအရ KIO က နောက်ထပ် မြန်မာအစိုးရနှင့် အပစ်ခတ်ဆိုင်းရန် မလိုတော့ဘဲ နိုင်ငံရေးဆွေးနွေးရန်သာရှိကြောင်း KIO က ဆိုထားသည်။

No comments: