Saturday, April 7, 2012

KNU နယ်မြေတွင် ပစ်ခတ်မှုအနည်းငယ် ရှိနေသေး

ညီသစ်

ဇန်နဝါရီလ အတွင်း အစိုး ရနှင့် ကရင် အမျိုးသား အစည်း အရုံး KNU တို့ အကြား အပစ် အခတ် ရပ်စဲရေး သဘောတူ ညီချက် ရရှိထား ပြီး ဖြစ်သော်လည်း အချို့ နေရာ များတွင် နှစ်ဘက် ပစ်ခတ်မှု အ နည်းငယ် ရှိနေဆဲ ဖြစ်ကြောင်း လူဝင်မှု ဝန်ကြီး ဦးခင်ရီ က သောကြာ နေ့က ပြောကြား လိုက်သည်။

“အောက်ခြေ အဆင့်တွေ မှာတော့ အမိန့် မရောက်သေး လို့နဲ့ တူတယ်။ နည်းနည်း ပါးပါး တိုက်ခတ်မှု တွေတော့ရှိနေသေးတယ်။ ဒါပေ မယ့်ဒါတွေက ငြိမ်းချမ်းရေး ဖော်ဆောင် မှုမှာ အကျိုး သက်ရောက် မှု ရှိမယ် လို့တော့ မထင်ဘူး” ဟု ဦးခင်ရီက ပြောသည်။ ဦးခင်ရီသည် ဆီဒိုးနား ဟိုတယ်တွင် သောကြာနေ့ မနက်က ကျင်းပ နေသည့် KNU နှင့် အစိုးရ အပစ် အခတ် ရပ်စဲရေး ဒုတိယ အကြိမ် ဆွေးနွေး ပွဲတွင် ပါဝင် ဆွေးနွေး နေသူ တဦး ဖြစ်သည်။

၎င်းက ဆက်ပြော ရာတွင် KNU နှင့် ပြည်နယ် အဆင့် ဆွေးနွေးမှု များတွင် အပစ် အခတ် ရပ်စဲ ရေးကို ပိုပြီး တည်တံ့ ခိုင်မြဲ စေရန် အတွက် ပြည်ထောင်စု အဆင့်တွင် ဆက်လက် ဆွေးနွေးမည် ဖြစ် ကြောင်း၊ တပ်များ နေရာချ ထားမှုနှင့် ပတ်သတ်ပြီးလည်း လိုက်နာ ရမည့်ကျင့် ဝတ် များကို ဆက်လက် ဆွေးနွေး သွားမည်ဖြစ်ကြောင်း သတင်း ထောက်များ ကို ပြောသည်။

KNU ကိုယ်စားလှယ်အဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံတဦးဖြစ်သူ ဦးစောဂွဲထူးဝင်းက အပစ်အခတ်ရပ်စဲပြီးနောက်နှစ်လအတွင်း တွင် KNU ၏ တပ်မဟာ ၂ နယ်မြေ တောင်ငူခရိုင်နှင့် တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်အတွင်း ပစ်ခတ်မှု အကြိမ်အနည်းငယ်စီဖြစ်ပွားခဲ့သေး ကြောင်း ပြောဆိုသည်။

“တိုက်ပွဲကြီးတွေတော့ မဟုတ်ဘူး။ အတွင်းနည်းနည်းကျတဲ့ နေရာတွေဘက်မှာ ဖြစ်ခဲ့တာ” ဟု ဦးစောဂွဲထူးဝင်း က ပြောသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့က အပစ်အခတ် ရပ်စဲရေး အတွက် KNU နှင့် အစိုးရ ပဏမ သဘောတူ လက်မှတ် ရေးထိုး ပြီးနောက် ပြည်နယ် အဆင့် ငြိမ်းချမ်းရေး ဆွေးနွေး ပွဲတွင် အပစ် အခတ် ရပ်စဲရေး၊ဆက်ဆံရေး ရုံးများ ထားရှိရေး၊ လက်နက် မပါဘဲ တနိုင် ငံလုံး သွားလာခွင့် ပြုရေးနှင့် ကျန် အသေးစိတ် အချက် အလက်များကို ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေး ပွဲတွင် ဆက်လက် ဆွေးနွေး သွားကြ မည်ဖြစ်ကြောင်း သဘောတူ ညီခဲ့ ကြသည်။

အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်သည့် အဖွဲ့ဝင် ၂၁ ဦးပါ KNU ကိုယ်စားလှယ်အဖွဲ့မှာ ရန်ကုန်မြို့သို့ ဧပြီလ ၃ ရက်နေ့က ရောက်ရှိလာကြပြီး ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအတွက် ဒုတိယအကြိမ်အဖြစ် ဧပြီလ ၆ ရက်နေ့တွင် ဝန်ကြီး ဦးအောင်မင်းခေါင်း ဆောင်သော အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နှင့် ဆွေးနွေးနေကြခြင်း ဖြစ်သည်

နှစ်ဖက် တပ်များ ကိစ္စ အပါအဝင် အပစ် အခတ် ရပ်စဲရေး အတွက် အသေးစိတ် အချက် အလက်များကို ဆွေးနွေး နေကြပြီ ဖြစ်သည်။

အစိုးရနှင့် အပစ်အခတ် ရပ်စဲမှု ရယူပြီး ကတည်းက ဒေသခံများ ပျော်ရွှင် ကြကြောင်း၊ စစ်၏ ဆိုးကျိုးကို အမှန် တကယ် ခံစား နေရ သူများမှာ ပြည်သူ များသာ ဖြစ်ခြင်း ကြောင့် KNU အနေဖြင့် ငြိမ်းချမ်း ရေးကို ပိုမို ခိုင်မြဲ စေရန် ဆောင်ရွက်မည် ဖြစ်ကြောင်း ဦးစောဂွဲ ထူးဝင်း က ပြောသည်။

KNU ဘက်မှ ဆက်ဆံရေး ရုံးများကို ပဲခူးတိုင်း၊ ညောင်လေးပင် ခရိုင် အတွင်းရှိ ကျောက်ကြီးမြို့နှင့် တနင်္သာရီတိုင်း ထားဝယ်မြို့တို့တွင် စတင်ဖွင့်လှစ်နိုင်ရန် စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။

KNU ၏ ထိန်းချုပ်နယ်မြေများအတွင်း အစိုးရတပ်များ ပြန်လည် ရုပ်သိမ်းပေးရန်လည်းဖေဖေါ်ဝါရီလအတွင်းက KNU မှတောင်းဆိုထား သည်။

KNU ၏ စခန်း ၂ဝဝ ကျော်သည် ပဲခူးတိုင်း တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်၊ ကရင်ပြည်နယ် ဘားအံခရိုင်၊ ဒူးပလယာခရိုင်၊တနင်္သာ ရီတိုင်း မြိတ်ခရိုင်၊ ထားဝယ်ခရိုင်၊ မွန်ပြည်နယ် သထုံခရိုင် ဒေသများ အတွင်း တည်ရှိနေ သည်။

ထိုဒေသများအတွင်း အစိုးရ၏ စစ်တိုင်းများဖြစ်သည့် ကမ်းရိုးတန်းတိုင်း၊ အရှေ့တောင်တိုင်း၊ တောင်ပိုင်းတိုင်းတို့နှင့်လည်းဆက်စပ်မှု ရှိနေသည်။

ပွင့်လင်းရာသီ ရောက်ရှိလာပြီ ဖြစ်ခြင်းကြောင့် အစိုးရမှ ရှေ့တန်းတပ်များသို့ ရိက္ခာပို့ပါက KNU တပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက် တွေ့နိုင်သည်ဟုလည်း KNU အတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေက မဇ္ဈိမကို ပြောသည်။

No comments: