Monday, April 2, 2012

တနင်္သာရီတိုင်း မြို့နယ် တခုတွင် မဲစာရင်း ထောင်နှင့်ချီ ကွာဟနေကြောင်း NLD ကပြော

သဇင်နီ

တနင်္သာရီတိုင်း လောင်းလုံ မြို့နယ် မဲဆန္ဒနယ်အတွင်း ထောင်နှင့်ချီ၍ မဲဆန္ဒရှင်စာရင်း ကွာဟ နေသဖြင့် ကော်မရှင်အား အကြောင်း ကြားရာမှ လူ ၂၀၀၀ ကျော် မဲပေးခွင့် ပြန်လည် ရရှိခဲ့သည်ဟု အမျိုးသားဒီမိုကရေအဖွဲ့ချုပ် NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်လောင်း ကပြောသည်။

အဝေးရောက်နေသူများအနေဖြင့် မဲပေးနိုင်ရန် မတ်လ(၂၄) ရက်နေ့ နောက်ဆုံးထား စာရင်းသွင်း ရမည်ဖြစ် သော်လည်း အချိန်မီ ပြန်မ ရောက်လာနိုင်သည့်အတွက် စာရင်းကွာဟ နေခြင်းဖြစ်သည်ဟု NLD ပါတီ ကိုယ်စားလှယ်လောင်း ဦးအောင်စိုးက ပြောသည်။

“၂၀၁၀ တုန်းကထွက်တဲ့ မဲစာရင်းအရ လူဦးရေ (၅၉, ၄၁၁) ရှိတယ်လို့ ကျွန်တော်တို့ သိရတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ မဲစာ ရင်းမှာ (၅၄, ၀၀၀) ကျော်ဘဲစာရင်းထွက်လာပြီး မဲစာရင်းထဲမပါတဲ့ လူတွေ ရှိနေတယ်။”

ယင်းကိစ္စနှင့် ပတ်သက်၍ လောင်းလုံ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြခဲ့ရာ ကျေးရွာ ကော်မရှင်အား ပြန်လည် စိစစ်ပေးရန် မြို့နယ်မှ အကြောင်းကြားခဲ့သည့် အတွက် မြို့ပေါ် ရပ်ကွက် လေးခုအပါအ၀င် မင်းရပ် ကျေးရွာ၊ လေးသောင်းကန် ကျေးရွာနှင့် ညှင်းမောင် ကျေးရွာ ကော်မရှင် တို့မှ ပြန်လည် စိစစ်ပေး ခဲ့သည့် အတွက် လူ(၂၀၀၀)ခန့် မဲပေးခွင့် ပြန်လည် ရရှိခဲ့ကြောင်း သိရသည်။

ယင်းဒေသခံများသည် ပင်လယ်တွင်း ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများနှင့် ထိုင်းနိုင်ငံဖက်ခြမ်းတွင် အလုပ်လုပ် နေသူများ ဖြစ်ပြီး ရွေး ကောက်ပွဲအမီ ပြန်လာကြရာ မဲစာရင်းအတွင်း မပါဝင်သဖြင့် NLD ပါတီထံ လာရောက် ပြောဆို ခဲ့ကြောင်း “အလုပ်သွား လုပ်နေ တဲ့လူ တွေက မဲပေးဖို့ပြန်လာတော့ မဲစာရင်းထဲမှာမတွေ့လို့ ကျွန်တော်တို့ ဆီကို လာပြောကြတယ်။ သူတို့က ကျွန်တော်တို့ကို မဲပေးမယ် လို့လည်းပြောတယ်။” ဟု ဦးအောင်စိုးက ဆက်လက်ပြောဆိုသည်။

ထို့အပြင် လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်ကထက် မဲထည့်ခွင့်ဦးရေ ပိုတိုးလာသင့်ကြောင်း “လူဦးရေက တိုးရမှာလေ နှစ်နှစ်ကြားထဲ မှာ အသက် ၁၈ နှစ်ရှိတဲ့လူတွေက တိုးလာမှာကိုး။ မတိုးလာတဲ့အပြင် အခုက လူ ၅၀၀၀ ကျော် လျှော့နေ တယ်လေ။” ဟု ဆက်လက် ပြောဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ လောင်းလုံမြို့ ရွေးကောက်ပွဲ ကော်မရှင်ထံ ဆက်သွယ်မေးမြန်း ခဲ့သော်လည်း ပြန်လည် ဖြေဆိုခဲ့ခြင်း မရှိခဲ့ပါ။
လောင်းလုံမြို့နယ်အတွင်း ရပ်ကွက်ကျေးရွာပေါင်း (၁၀၄) ခုရှိသည့်အနက် မဲရုံပေါင်း (၁၀၇) ရုံရှိပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ ဦးအောင်စိုးနှင့် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ USDP မှ ဦးစိမ်းမောင်တို့ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

No comments: