နိရဉ္စရာ
မြို့နယ် အုပ်ချုပ် ရေး အာဏာပိုင်များနှင့် နီးစပ်သူ ယခင် ကျေးရွာ အုပ်ချုပ်ရေးမှူး အနိုင်မရသဖြင့် မင်းပြားမြို့နယ်ရှိ ကျေးရွာ အုပ်စု တစ်ခုတွင် အုပ်ချုပ်ရေးမှူး ရွှေးချယ် တင်မြှောက်ပွဲကို ပြန်ပြုလုပ်မည် ဟု သတင်း ရရှိသည်။
“ အခုလို စီစဉ် နေတာက မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင် ဖြစ်ပါတယ်။ ကျွန်တော်တို့ ဗလိပေါက် ကျေးရွာ အုပ်စုမှာ ရွာသားတွေရဲ့ သဘောနဲ့ ဦးမောင်ပုကို ရွှေးကောက်တင်မြှောက်တာကို ရွှေးချယ် တင်မြှောက်ပွဲ ပြုလုပ်တာ နည်းလမ်းမမှန်ဘူး ဆိုပြီး မြို့နယ် ဥက္ကဌက ရွှေးချယ် တင်မြောက်ပွဲ ပြန်လုပ်မယ်လို့ ဆိုပါတယ်” ဟု ကျေးရွာသား တစ်ဦးက ပြောသည်။
ဇန္န၀ါရီလ ၅ ရက်နေ့တွင် မြို့နယ် အုပ်ချုပ်ရေး အဖွဲ့က ဗလိပေါက်ကျေးရွာသို့ ကွင်းဆင်းစစ်ဆေးမူများ ပြုလုပ်ရန် လာရောက်မည်ဟု ဆိုသည်။
“ အရင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးငလုံးချေကို ဆယ်အိမ်ခေါင်း တစ်ယောက်မှ မဲမပေးဘူး။ သူတို့အုပ်စုက မြို့နယ် အုပ်ချုပ်ရေး အာဏာပိုင်တွေနဲ့ ရင်းနှီးတော့ ဦးစံလှထွန်း ဦးဆောင်ပြီး မြို့နယ် အုပ်ချုပ်ရေးမှူးကို တိုင်တယ်ကြားပါတယ်။ အုပ်ချုပ်ရေးမှူး ရွှေးချယ်ပွဲ တရားသဖြင့် မကျဘူး ဘာညာဆိုပြီး သွားတိုင်တယ်လို့ သိရပါတယ်။”
ဗလိပေါက်ကျေးရွာ အုပ်စုတွင် ဗလိပေါက်နှင့် ဒုက္ကံလယ်ဟု ကျေးရွာ (၂) ရွာတည်ရှိပြီး အိမ်ခြေပေါင်း ၂၅၀ ခန့် ရှိကြောင်း သိရသည်။ ရွှေးကောက်ပွဲတွင် ကျေးရွာသားများ ကြည်ညိုလေးစားသည့် ဦးကျော်ဇံရွှီ၊ ဦးထွန်းရွှေ၊ ဦးအောင်ဖိုးညွှန့်၊ ဦးအလတ်ချေနှင့် ဦးမောင်ကျန်ရစ်တို့ကို ကော်မရှင် အဖြစ် ခန့်အပ်ကာ ဆယ်အိမ်ခေါင်းများ၏ မဲကို စနစ်တကျ ရေတွက်ခဲ့သည်ဟု ဆိုသည်။
“ ရွှေးချယ်ပွဲကို နိုဝင်္ဘာ ၂၅ ရက်နေ့က ပြုလုပ်ပါတယ်။ ဆယ်အိမ်ခေါင်းမဲက ဗလိပေါက်က ၁၄မဲ၊ ဒုက္ကံလယ်က ၇ မဲ ။ စုစုပေါင်း ၁၄ မဲ ပေးရာမှာ ဦးမောင်ပုက နိုင်တယ်။ ယခင် အုပ်ချုပ်ရေးမှူး ဦးငလုံးချေက ရှုံးတယ်။ ဒါကို ဦးငလုံးချေတို့က မကျေနပ်တဲ့ အတွက် အထက်ကို သွားတိုင်တယ်။ ပထမတုန်းကတော့ အေးအေးဆေး ဖြေရှင်း ပေးလိုက်ပြီ ဖြစ်တယ်လို့ မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောတယ်။ အခု တစ်ခါ လာပြီး ဗလိပေါက် ကျေးရွာ အုပ်စု ကျေးရွာ အုပ်ချုပ်ရေးမှူး ရွှေးကောက်ပွဲ နည်းစနစ် မမှန်ဘူးဆိုပြီး ပြန်လုပ်မယ်ဆိုပြီး ပြောပါတယ်” ဟု ဆိုသည်။
မြို့နယ်ကို တက်ရောက်တိုင်ကြားသူ ဦးစံလှထွန်းနှင့် ဦးငလုံးချေမှာ စစ်တပ်နှင့် ရင်းနှီးသူများ ဖြစ်ပြီး ဗလိပေါက် ကျေးရွာ အုပ်စုတွင် စကခ (၉) တပ်မက သိမ်းယူထားသော လယ်များကို သီးစားယူပြီး လုပ်ကိုင် နေသူများလည်း ဖြစ်ကြောင်း သိရသည်။
ဗလိပေါက်ကျေးရွာသားများ အပြောအရ ကျေးရွာ အုပ်ချုပ်ရေးမှူး ရွှေးချယ်ပွဲကို ပြန်ပြုလုပ်ပေးရန် အတွက် ဦးစံလှထွန်းတို့ အုပ်စုမှ မြို့နယ် အုပ်ချုပ်ရေးမှူးကို ကျပ်ငွေ (၄) သိန်းပေးထားပြီး ဖြစ်သည်ဟု သိရသည်။ သို့သော်လည်း အဆိုပါ စွပ်စွဲချက်ကို နိရဉ္စရာက သီးခြား အတည်ပြုနိုင်ခြင်း မရှိပါ။

No comments:
Post a Comment