Sunday, January 20, 2013

ကချင်စစ်ပွဲနှင့် မြန်မာ့နိုင်ငံရေး

ခွါနင်း လေသောင်

နိုင်ငံတကာ အသိုင်းအ၀ိုင်းက မြန်မာနိုင်ငံကို နားလည်ရသည်မှာ ဒီမိုကရေကစီ အသွင် ကူးပြောင်းရေး နှင့် ပြည် တွင်းငြိမ်းချမ်းရေးကို ဖော် ဆောင်နေသည်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ ကချင်ပြည်မှာပဲ မအောင်မြင် သေးတာပါ၊ တ ဖြည်းဖြည်း အောင်မြင် လာမှာပါ… စသဖြင့် ။

မြန်မာအစိုးရက ကချင်ကို ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်နေရသည်ကို ရိပ်မိပုံမပေါ်ချေ။ နိုင်ငံ တကာကို အကြိမ်ကြိမ် လိမ်လည် ခဲ့သော မြန် မာ အစိုးရအဆက်ဆက်သည် ဒီတစ်ခါလည်း ဒီမို ကရေစီနှင့် မျက်လှည့်ပြ လိမ်လည်နိုင်ခဲ့ပြီဟု သာ ပြောရပါတော့မည်။

မြန်မာအစိုးရက ငြိမ်းချမ်းရေးကို အမှန်တကယ်လိုချင်သလား၊

၁၉၉၃ ခုနှစ်ကတည်းက ငြိမ်းချမ်းရေးရယူခဲ့ပြီးတဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ ဟာ မြန်မာ့နိုင် ငံရေး ပြောင်းလဲနေပြီ ဆိုတဲ့အခါ ကျမှ စစ် ပွဲနဲ့ ရင်ဆိုင်နေရသည်။ စစ်အစိုးရ ခေတ်သုံး ဝေါဟာရ ဟာ ပြည်သူက ရွေးချယ်တင်မြှောက်တဲ့ အစိုးရမဟုတ် သည့်အတွက် နိုင်ငံရေး ဆွေးနွေးမှု မလုပ်နိုင် ဘူး၊ နောက် တက်လာမည့် အစိုးရနှင့်ပဲ နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ကြပါ၊ အခုက စစ်မတိုက်ဖို့တစ်ခု တည်း ဆွေးနွေးမယ်၊ ပြီးတော့ ဒေသဖွံ့ဖြိုးရေးတွေ လုပ်ကြမယ်၊ ဟူ၍ ဖြစ်ပါသည်။

နိုင်ငံရေးဆွေးနွေးမှုမပါသည့် ထိုစဉ်က ငြိမ်းချမ်းရေး ကမ်းလှမ်းမှုများကို လက်နက် ကိုင် တော်တော် များများက လက်မခံခဲ့ ကြပေ။ KIO အ နေဖြင့် ဟုတ်ပြီ ငြိမ်းချမ်းရေး လုပ်မယ်၊ တဖြည်းဖြည်းနဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်လာအောင် ကြိုးစားမယ် ဆိုပြီး (၁၇)နှစ်ကြာ အပစ် အခပ် ရပ်စဲပြီး ငြိမ်းချမ်းရေး ရယူခဲ့သည်။ ၁၉၉၇ တွင် န၀တ ကနေ နအဖသို့ ပြောင်းလဲ လိုက်သည့် အချိန်တွင် ၀န်ကြီးချုပ် စနစ်ကိုပုံ သွင်းလာခဲ့ ကြပါသည်။ နိုင်ငံရေး ဆွေးနွေးမှု ကတော့ မပြုလုပ်ပါ။ ၂၀၁၀ ရွေးကောက် ပွဲ နောက်ပိုင်း အစိုးရသစ်တစ်ခုတက်လာခဲ့သော် လည်း ကချင် တွေ မျှော်လင့် ခဲ့သည့် နိုင်ငံရေးဆွေးနွေးမှု ကျည်ဆံ သည် သေနတ်ကျည်ဆံ ဖြစ်လာပါတော့သည်။

ရှင်းနေသည်မှာ အစိုးရ အနေနှင့် နိုင်ငံရေးဆွေးနွေးမှု မပြုလုပ်လိုပေ။

အဓိပ္ပါယ်က ငြိမ်းချမ်းရေးကို အမှန်တကယ် မလိုလားခြင်းပင် ဖြစ်သည်။

အစိုးရဟာ စစ်ရေးဗျူဟာဖြင့် ငြိမ်ချမ်းရေးဖြစ်စဉ်ကို ကိုင်တွယ်

ငြိမ်းချမ်းရေးကို အမှန်တကယ် မလိုချင်ပဲ ဘာကြောင့်ကျန်တဲ့ လက်နက်ကိုင်အဖွဲ့တွေကို ငြိမ်း ချမ်းရေးကမ်းလှမ်း လုပ်ဆောင်နေတာ လဲ၊မေး စရာ ဖြစ်ပါသည်။ နိုင်ငံရေး ဆွေးနွေးမှုမပါပဲ ငြိမ်းချမ်းရေး ကမ်းလှမ်း မှုသည် ယခင် အတွေ့အကြုံ အရ အလုပ်မဖြစ်သည့်အတွက် အလုပ်ဖြစ် အောင် နိုင်ငံရေးဆွေးနွေးမှုကို ထည့်ထားပေးသည်၊ သူတို့ တည်ဆောက်ထားသည့်ဘောင်အတွင်း၊ ပါလီမန်အတွင်းမှာ နိုင်ငံ ရေးကို တော့ ဆွေးနွေးမည်၊ စစ်ရေးကို ရပ်ဆိုင်း ထားပြီး တဖြည်းဖြည်း နိုင်ငံရေးထဲ ၀င်ဆွေးနွေးမည်၊ နိုင်ငံရေးပါတီတွေ ထူထောင် ခွင့် ပေးထားပြီး လက် နက်ကိုင် ဆောင်မှုကို ဖျက်သိမ်းထား မည်၊ ဆွေးနွေးမှု ကာလအတွင်းမှာ စစ်မျက်နှာပြောင်းမည်၊

တဖွဲ့ချင်းစီ ခွဲဖြုတ်မည်၊ ဒီလမ်း ကြောင်းပေါ်မှာ သူတို့သွားနေခြင်း ဖြစ်ပါသည်။ အရပ်ရှစ် မျက်နှာ မှာ စစ်မျက်နှာဖွင့်နေသည့် အခြေအ နေမှာ နှစ်ပေါင်း များစွာ တိုက်ခိုက်အောင်မြင်မှု မရှိသော မြန်မာ အစိုးရသည် စစ်မျက်နှာတစ်ခုချင်းစီဖြင့် တိုက်ခိုက်ရန် စစ်ရေးဗျူဟာ ရေးဆွဲနေခြင်း ဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံး၏ ဌါနချုပ်ဖြစ်သော မာနယ်ပလောကို ကချင်လွတ်မြောက်ရေး အဖွဲ့နှင့် ငြိမ်းချမ်းရေးရယူပြီး ၁၉၉၅ တွင် တိုက် ခိုက်သိမ်းပိုက်ခဲ့သည့်ကိစ္စကို မေ့ထားလို့ မဖြစ်ပါ။ ယခုလည်း ကေအဲန်ယူ အပါအ၀င် တခြား အင်အားကြီး လက်နက်ကိုင်အဖွဲ့များကို ငြိမ်း ချမ်းရေး ယူပြီး ကချင်ကို သိမ်းပိုက်ရန် ကြိုးစားနေသည်မှာ သေချာ ပါသည်။ သမ္မတ သိန်းစိန် က တိုက်ခိုက်မှု ရပ်ဆိုင်းရန် အမိန့်ထုတ်သည်၊ ထို အမိန့်က ရှေ့တန်း မရောက်သေးပါ စသဖြင့် လိမ်လည်ဖြားယောင်းနေ ကြသည်။

လေကြောင်း တိုက်ခိုက်မှု အထိ ဖြစ်ပွါးလာခဲ့ ပြီးသည့် နောက် သူတို့ ဘယ်လို ဆက်လိမ်ဦးမလဲ၊ ရှိလာဦးမှာပါ။

စစ်အင်အား တည်ဆောက်ရေးအတွက် အမည်ခံ ဒီမိုကရေစီအုပ်ချုပ်ရေး

၂၀၀၈ ဖွဲ့စည်းပုံအရ စစ်တပ်ကို အရပ်ဖက်အုပ်ချုပ်မှုအောက်မှာ မထားပဲ သီးခြားလွတ်လပ်စွာ စီမံ ဆောင်ရွက် ခွင့်ပေးထားသည်။ တရားဝင် အာဏာသိမ်းပိုင်ခွင့်ရှိထားပြီး ပါလီမန်မှာလည်း ၂၅ ရာခိုင်နှုန်း နေရာရထားသည်။ သမ္မတ သိန်းစိန်တက်လာပြီး ပထမဦးဆုံး တပ်မ တော်နေ့မှာ စစ်တပ်ကို ခေတ်မှီအောင် တည်ဆောက်ရန် ကတိ ပေးခဲ့သည်။ တပ်မတော်သည် သူ့ဟာသူ တည်ဆောက်ခွင့် အပြီးအပိုင် ရှိပြီးသည့် အ ပြင် အစိုးရက အထူးတည် ဆောက်ရဦးမည်ဆိုသည်မှာ တပ်အင်အား အဆမတန် တည်ဆောက်ထား မည်မှာ သေချာပါ သည်။

၁၉၉၃ နောက်ပိုင်း အပစ်အခတ်ရပ်စဲရေး အဖွဲ့များရှိထားပြီးသည့်နောက် တပ်အင်အား အဆမတန် တိုးချဲ့လာမည် မှာ သေချာနေပါ သည်။

စစ်ကို တောက်လျှောက်တိုက်လာခဲ့သော မြန်မာ့စစ်တပ်သည် တပ်တွင်း စိတ်ဓါတ်ကျဆင်းမှု အကြီး အကျယ်ဖြစ်ပွါးပြီး တပ်ပြေးမှု အဆ မ တန်များနေခဲ့ပါသည်။ ပြည်သူလူထုအပေါ် ရက်စက်ကြမ်း ကြုတ်မှုများကြောင့်လူထုထောက်ခံမှု မရရှိတော့ပဲတပ်သားသစ်လည်းမ စု ဆောင်း နိုင်တော့သည့်အခါ ဆင်းရဲသားများ ကို ကျောင်းထားပေးမည်ဟု လိမ်လည်ပြီး စစ်တပ်ထဲ ခေါ်သွင်းခဲ့သည်။ မကြာပါ၊ လူထုက သိလာတော့ နောက်ဆုံးမှာ လူကို ခိုးယူခေါ်ဆောင်ပြီး စစ်သား လုပ်ခိုင်း လာခဲ့သည်။ စစ် ပင်စင်ယူခွင့် ပိတ်ပင်ထားခဲ့သည်။

သို့သော်လည်း မြန်မာ့ စစ်တပ်ကို တည် ဆောက်ရန်မှာ မဖြစ်နိုင်တော့သည့်အခါ ဒီမိုကရေစီ အသွင်ကူးပြောင်းမည်ဟု မျက်လှည့်ပြလာခဲ့ခြင်း ဖြစ်ပါသည်။ လူထု နှင့် နိုင်ငံတကာထောက်ခံ မှုရယူပြီး စစ်တပ်တည်ဆောက်ရန်အတွက်သာ ဒီမိုကရေစီ အမည်နာမကို အသုံး ပြု ခြင်းဖြစ် ပါ သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အာဏာအရှိဆုံး ဖြစ်ဆဲ

လူထုနှင့် နိုင်ငံတကာကို မည်သို့ပင် မျက်လှည့်ပြနေပါစေ အာဏာ အရှိဆုံးသည် ဗိုလ်ချုပ်မှူးကြီး သန်း ရွှေပင်ဖြစ်နေသေးကြောင်း ပေါ်လွင် စေသည့် အချက်များမှာ ကချင်ပြည် စစ်ပွဲ၊ ကာကွယ်ရေး စစ်ဦးစီးချုပ် မင်းအောင်လှိုင်၏ အဆင့် တိုး မြင့်လာခြင်းတို့ဖြစ်ပါသည်။ သမ္မတက ရပ်ဆိုင်းရန် အမိန့်ထုတ်ပြန်သည့် ကြားက မင်းအောင်လှိုင်အနေဖြင့် ထိုးစစ်ဆင်ခဲ့သည်မှာ သမ္မတ ထက်ကြီးသည့် ပုဂ္ဂိုလ်တစ်ဦးဦးထံမှ အမိန့်ခံ ယူထားမည်မှာ သေချာသည်။ ထိုထက် ပိုသေချာသည်မှာ မင်းအောင်လှိုင် အဆင့်တိုးမြင့် လာ ခြင်း ဖြစ်သည်။ စစ်တပ်ထုံးစံ အထူးသဖြင့် သူတို့အစဉ် အလာအရ မင်းအောင်လှိုင်က သိန်းစိန်ကို ကိုယ့်ဟာကိုယ် ကလန်ကဆန် လုပ်နိုင် မည့် လူ မဟုတ်ပေ။ နောက်ကွယ်မှာ ရှိသည့် တစုံတဦး၏ လက်ချက်ဖြစ်မည်မှာ သေချာသည်။ ထိုသူကား သန်းရွှေသာ ဖြစ်နိုင် ပါသည်။

အောင်ဆန်းစုကြည်က ကချင်အရေး ဘာကြောင့် ရေငုံနှုတ်ပိတ်နေသလဲ

မြန်မာပြည်သူတရပ်လုံး အားကိုးအားထားရသော ဒီမိုကရေစီခေါင်းဆောင် နိုဗယ်လ် ငြိမ်းချမ်းရေး ဆုရှင် အောင် ဆန်းစုကြည် ကလည်း က ချင်အရေးမှာ နှုတ်ပိတ်နေရသည်မှာ အဓိပ္ပါယ် အမျိုးမျိုး ကောက်ယူ၍ ရပါသည်။

စစ်တပ်၏ထောက်ခံမှုကို ရယူလိုသည့်အတွက် ဖြစ်နိုင်ပါသည်။ ကချင်ဖြုတ်ပစ် လိုက်တာ ဘာမှ ကိစ္စမရှိဘူး၊ စစ်တပ်နဲ့ အဆင်ပြေအောင် ပေါင်း ပြီး အပြောင်းအလဲ လုပ်လို့ရမယ်ဆိုတာ လည်းဖြစ်နိုင် သည်။ ဘာပဲဖြစ်ဖြစ် ဒီချိန်မှာ မြန်မာ့ နိုင်ငံရေးက အပြောင်းအလဲလိုချင်ပါ တယ် ဆို သည့် အဖွဲ့ များ ကချင်မပါသော အပြောင်းအလဲကို လိုချင်ကြ သလား မေးစရာ ရှိပါသည်။

ကချင်မပါသော ငြိမ်းချမ်းရေး ကချင်မပါသော အပြောင်းအလဲကို မြန်မာနိုင်ငံမှာ တကယ်လုပ် သင့်သလား၊ လုပ်ကော လုပ်နိုင်မလား၊ လုပ် နိုင်တယ် ဆိုရင်ကော နောက်ဆက်တွဲ ဘယ်တိုင်း ရင်းသားမပါအောင် လုပ်ဦးမလဲ။ လူမျိုးရေးစစ်ပွဲ အဖြစ် တကယ် ရပ်တည်သွား ပြီလား၊ အောင်ဆန်း စုကြည်တ ကယ်တက် လာလို့ရှိလျှင်လည်း စစ်ပွဲများ တကယ် အဆုံးသတ်မလား အမျိုးမျိုး စဉ်းစားစရာ ဖြစ်လာပါ တော့သည်။

ကချင်ပြည် သူကတော့ ပြောနေပြီ ဒါဟာ လူမျိုးရေး တိုက်ပွဲ၊ လူမျိုးတုံးတိုက်ပွဲပဲ ဟု သူတို့ခံစားချက်များ ကြားသိ နေရပါပြီ။

ဘာဆက်ဖြစ်နိုင်သလဲ

ငြိမ်းချမ်းရေးဖြစ်စဉ် ထိခိုက်နိုင်တယ် ဟု အများက ပြောနေကြပါပြီ။ အကောင်ပေါ်မှ အရိပ်မြင် လိုက်သည့်ပုံ ဖြစ်နေ သည်။ ပြောင်းပြန် ဖြစ်နေ ပါသည်။ ငြိမ်းချမ်းရေးဖြစ်စဉ် ဖျက်ဆီးနေသည်ကိုမှ ပျက်ဆီးနိုင်သည် လောက်ပဲ ခန့်မှန်း ရပါသေးသည်။ ကေအဲန်ယူက ကချင် စစ်ရပ်တန့်ပြီး မှ နိုင်ငံရေး စကားပြောမည်၊ ချင်း အမျိုးသားတပ်ဦးက ကချင် တိုက်ပွဲကို ကန့်ကွက်သည်၊ ယူအဲန်အက်ဖ်စီက ရပ်တန့်ပါ စသဖြင့် စသဖြင့် အ ရိပ်အမွေ့ကလေးများ နောက်မှာ လည်း ထပ်ထပ် ထွက်လာဦးမည်။ အယုံအကြည် အလွန် ကျဆင်းသွားသည့် အခါ သူတို့ပြုလုပ်နေသည့် ငြိမ်း ချမ်း ရေးသည် အပြိုင်အဆိုင် စစ်အင်အားတည်ဆောက် ရေး၊ နောင်တနေ့နေ့တွင် အပြင်း အထန် ပြန်လည် တိုက်ခိုက် ရေးသို့သာ ဦး တည်သွားမည် ဖြစ်ပြီး လူထု စိတ်ကူးယဉ် ဒီမိုကရေစီနှင့် ငြိမ်းချမ်းသော တိုင်းပြည်သည် ဝေးသထက် ဝေးရ လေ တော့မည်။

ထို့ကြောင့် ယခုဖြစ်ပွားနေသည့် ကချင်စစ်သည် မြန်မာ့နိုင်ငံရေး၊ တိုင်းသူပြည်သားအားလုံး အရေး ဖြစ်နေပါသည်။ ငြိမ်းချမ်းစွာ ဖြေရှင်း ခြင်း မပြုသရွေ့၊ နိုင်ငံရေး အရ ဆွေးနွေး သဘောတူ ညီချက် မရသရွေ့၊ တိုင်းရင်း သား အသီးသီး ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် မရှိသရွေ့ မြန်မာ နိုင်ငံ သည် ငြိမ်းချမ်းမည် မဟုတ်သည့်အပြင် ဒီထက် ပြင်းထန်သော တိုက်ပွဲပေါင်းများစွာ ကို ဆင့်ခေါ်နေ သလိုပင်ဖြစ်တော့ သည်။

No comments: