ဧရာဝတီ
ကချင်ပြည်နယ်က တစထက်တစ ပိုပြင်းထန်လာနေတဲ့ စစ်ပွဲတွေအပေါ် စိုးရိမ်မိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိ ကန်သံအမတ်ကြီး ဒဲရက် မစ်ချယ် (Derek Mitchell) က ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ဧရာဝတီကို ပြောဆိုလိုက်ပါတယ်။
အစိုးရစစ်တပ်အနေနဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ကို လေကြောင်းကတဆင့် တိုက်ခိုက်မှုတွေ ဆက်လက် ပြုလုပ်နေတာမို့ သွေး ထွက်သံယိုမှုတွေ ဆက်လက် မဖြစ်ပွားရလေအောင် တိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့ကိုလည်း မြန်မာအစိုးရ ထိပ်ပိုင်းခေါင်းဆောင် တွေကို တိုက်တွန်းခဲ့တယ်လို့ သူက ဆိုပါတယ်။
“ဘယ်လို အကြမ်းဖက်မှုပဲဖြစ်ဖြစ် တစထက်တစ ပြင်းထန်လာမှာကို စိုးရိမ်တယ်လို့ ကျနော်တို့ တိတ်တဆိတ် စကားပါးခဲ့ပြီးပါပြီ” လို့ ဒဲရက် မစ်ချယ်က ပြောပါတယ်။ ဒီအကြောင်းကို နေပြည်တော်မှာရှိတဲ့ အစိုးရ ထိပ်တန်း ခေါင်းဆောင်တွေနဲ့လည်း ဆွေးနွေးခဲ့ပြီးဖြစ်တယ်လို့ မစ္စတာ ဒဲရက် မစ်ချယ်က ပြောပါတယ်။
“ဆက်သွယ်ရေး လမ်းကြောင်းတွေ ဖွင့်ချင်တာ အပါအဝင် ကချင်ပြည်နယ်ကိစ္စနဲ့ ပတ်သက်ပြီး အ စိုးရ တာဝန်ရှိသူတွေရဲ့ သဘောထားကို ကျ နော်နားလည်ပါတယ်။ ဒါပေမယ့် နိုင်ငံရေးအရ အဖြေတခုရဖို့ လိုအပ်တယ် ဆိုတာကိုလည်း အသိအမှတ်ပြုကို ပြုရမှာ ဖြစ်ပါတယ်” လို့ သူ က ပြောပါသေးတယ်။
KIA က ပိတ်ဆို့ထားတဲ့ အရေးပါတဲ့ ထောက်ပံ့ရေး လမ်းကြောင်းတခုကို ထိန်းချုပ်နိုင်ဖို့ အစိုးရက ပြီးခဲ့တဲ့လ နှောင်းပိုင်းကစပြီး လေ ကြောင်း ကတဆင့် တိုက်ခိုက်မှုတွေ နေ့စဉ်ပြုလုပ်ခဲ့တာမို့ ကချင်ပြည်နယ်မှာ စစ်ပွဲတွေ တစထက်တစ ပြင်းထန်လာနေတာပါ။
“ဒီကိစ္စအတွက် စစ်ရေးအရ အဖြေမရှိဘူး ဆိုတာရော၊ ရန်ရန်ချင်း တုံ့ပြန်မယ်ဆိုရင် လူတိုင်း ဒုက္ခရောက်ကြရမယ် ဆိုတာကိုပါ နှစ်ဖက် စလုံး က အသိအမှတ်ပြုရလိမ့်မယ်လို့ ကျနော် ယူဆပါတယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်က ဆက်ပြောပါတယ်။
“တကယ်လို့ စစ်မက်ဖြစ်ပွားမှုတွေ တစထက်တစ ပြင်းထန်လာတာက ကချင်ပြည်သူတွေကို အခု ထက်ပိုပြီး တကွဲတပြား ဖြစ်သွားစေမယ် ဆိုရင်တော့ ဒီကိစ္စတွေကို ဖြေရှင်းနိုင်ဖို့ အလားအလာရှိတဲ့ နိုင်ငံရေးနည်းနာ ကျနော် မတွေ့ပါ ဘူး” လို့ သူက ဆိုပါတယ်။
မစ္စတာ ဒဲရက် မစ်ချယ်ရဲ့ အခုလို ပြောဆိုချက်ဟာ မြန်မာအစိုးရရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရက အ စောပိုင်းမှာ ဝေဖန်ခဲ့တဲ့အပေါ် ထပ်မံအတည်ပြုလိုက်တာပါပဲ။
“မြန်မာအစိုးရက လေတပ်အသုံးပြုတဲ့အပေါ် ကျမတို့ စိတ်အနှောက်အယှက် ဖြစ်ရပါတယ်” လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့် ရပုဂ္ဂိုလ် ဗစ်တိုရီးယား နူလန် (Victoria Nuland) က ပြီးတဲ့အပတ်မှာ သ တင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ တိုက်ခိုက်မှုတွေရပ် ဆိုင်းပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးနိုင်အောင် အားထုတ်ကြဖို့ အမေရိ ကန်အစိုးရက နှစ်ဖက်စလုံးကို တိုက်တွန်းခဲ့တယ်လို့လည်း သူက ဆိုပါတယ်။
KIA နဲ့ မြန်မာအစိုးရအကြား ၁၇ ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြားသွားတဲ့ ၂၀၁၁ ကစလို့ နိုင်ငံရေးအရ ကိုယ် ပိုင် အုပ် ချုပ် ခွင့်ရဖို့ တိုက်ပွဲဝင်နေတဲ့ KIA ဟာ အစိုးရတပ်တွေနဲ့ စစ်ပွဲတွေ ဖြစ်ပွားနေခဲ့တာပါ။
KIA ရဲ့ နိုင်ငံရေးအဖွဲ့အစည်းဖြစ်တဲ့ ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) အနေနဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေနဲ့ ထပ်တလဲလဲ တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ ဘယ်လို သဘောတူညီချက်မျိုးမှ မရရှိခဲ့ပါဘူး။
အမေရိကန်သံအမတ်က စိုးရိမ်တယ်လို့ ပြောဆိုအပြီး နောက်တနေ့တွေမှာလည်း နှစ်ဖက်အကြားတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေခဲ့ တယ် လို့ KIA က ပြောပါတယ်။ KIA ဌာနချုပ်ဖြစ်တဲ့ မြန်မာ-တရုတ် နယ်စပ်အနီးက လိုင်ဇာ မြို့တဝိုက်မှာ တိုက်ပွဲတွေ ပြင်းထန်တယ်လို့လည်း သိရပါ တယ်။
ဒါ့အပြင် လိုင်ဇာမြို့နားက လဂျားယန် ဒေသကိုလည်း အစိုးရဖက်က ဂျက်လေယဉ် ၂ စီး၊ ရဟတ်ယာဉ် ၃ စီးနဲ့ အင်္ဂါနေ့မှာ ထပ်မံတိုက် ခိုက် ခဲ့တယ်လို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မြောက်ပိုင်းဒေသ) (ABSDF-NB) ပြန်ကြားရေး တာဝန်ခံ ကိုမင်းဌေးရဲ့ အဆိုအရ သိရပါတယ်။ KIA ရဲ့ မဟာမိတ် ဖြစ်တဲ့ ABSDF ဟာ KIA နဲ့ လက်တွဲပြီး အစိုးရတပ်တွေရဲ့ ထိုးစစ်ကို ခုခံနေတာ ဖြစ် ပါတယ်။
မစ္စတာ ဒဲရက် မစ်ချယ်ကတော့ သူအဓိက စိုးရိမ်တာဟာ ပဋိပက္ခကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ကြရတဲ့ သောင်းဂဏန်းချီတဲ့ အရပ်သားပြည်သူ တွေ ဖြစ်တယ်လို့ ပြောပါတယ်။ မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေ လိုင်ဇာနဲ့ အခြား KIA ထိန်းချုပ်ရာ ဒေသ တွေမှာရှိ ကြ တဲ့ ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည် (IDP) တွေဆီ မရောက်နိုင်အောင် ပိတ်ဆို့ထားတာမို့ အခုလို စိုးရိမ်မိတာလို့ ဆိုပါတယ်။
“ဒီ အပြစ်မဲ့တဲ့ ပြည်သူတွေဆီ လူသားချင်းစာနာတဲ့ အကူအညီတွေ ရောက်နိုင်ဖို့ကိစ္စနဲ့ ပတ်သက် ပြီး အစိုးရ စစ်ဖက် ခေါင်းဆောင်တွေနဲ့ ကျ နော်တို့ ဆက်လက် ပြောဆိုဆွေးနွေးသွားမှာပါ” လို့ သူက ပြောပါတယ်။
၂၀၁၂ ခုနှစ် ဇူလိုင်လမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် စတင်တာဝန်ယူခဲ့တဲ့ ဒဲရက် မစ်ချယ်ဟာပြီးခဲ့တဲ့လက အစိုးရ တပ် တွေ ပထမဆုံး လေကြောင်းကနေ တိုက်ခိုက်မှု မစတင်ခင် ၁၀ ရက်ခန့် မှာ ကချင်ပြည်နယ်ကို အလည်အပတ် သွားရောက်ခဲ့ပါ တယ်။ ခရီးစဉ်အတွင်း အစိုးရထိန်းချုပ်ရာ ဒေသထဲမှာရှိတဲ့ မြစ်ကြီးနားတဝိုက်က IDP စခန်းတွေကို သူ တွေ့ခဲ့ပါတယ်။
“ဒီစခန်းတွေဟာ အဆိုးဆုံး IDP စခန်းတွေ မဟုတ်မှန်း ကျနော်တို့ ကောင်းကောင်း နားလည်ပါ တယ်။ KIA ထိန်းချုပ်ရာ ဒေသမှာရှိတဲ့စခန်း တွေမှာ ဒုက္ခသည် အများဆုံးရှိပြီး လိုအပ်ချက် အများဆုံးရှိမှန်းလည်း ကျနော်တို့ နားလည် ပါ တယ်” လို့ ဒဲရက် မစ်ချယ်က ဆိုပါတယ်။
“ဒါပေမယ့် ကျနော်တို့ တွေ့ခဲ့တာက တွေ့ခဲ့တာပဲလေ၊ ဒါက ပထမဆုံး အလည်အပတ် ခရီးစဉ်ကိုး။ ကျနော်တို့ အနေနဲ့ လုပ်မယ်လို့ စိတ်ပိုင်း ဖြတ်ထားတာတွေကို လက်တွေ့ပြသဖို့ နောက်နောင်မှာလည်း အခုလို ခရီးစဉ်တွေ ထပ်မံ စီစဉ် နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အခုခရီး စဉ်ကို လိုလိုလားလား ခွင့်ပြုတဲ့အပြင် ခရီးစဉ် အဆင်ပြေ ချောမွေ့အောင် ဆောင်ရွက်ပေးတဲ့ အတွက် အစိုးရကို ကျနော်တို့ ကျေးဇူး တင် ပါတယ်” လို့လည်း သူက ပြောပါတယ်။
အဲ့ဒီ ခရီးစဉ်အတွင်းမှာ KIA ဒါမှမဟုတ် KIO က တာဝန်ရှိသူတွေနဲ့တော့ မတွေ့ဆုံနိုင်ခဲ့ဘူးလို့ သိရပါတယ်။
“ဒါပေမယ့် ကချင် လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့တော့ ကျနော်တို့ တွေ့ဆုံခဲ့ပါတယ်၊ သူတို့က KIA, KIO ခေါင်းဆောင်ပိုင်းနဲ့ နီးစပ်သူတွေပဲလေ။ သူတို့နဲ့ ကျနော်တို့အကြားမှာ တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်မှုတွေ ရှိတဲ့အ ပြင် ဆွေးနွေးမှုတွေလည်း ဆက်လုပ်သွား မှာပါ” လို့ အမေရိကန်သံအမတ်က ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ ကချင်ပြည်နယ်က စစ်ပွဲတွေ၊ ပြီးတော့ အခြား နယ်စပ်ပြည်နယ်တွေမှာ မငြိမ်မသက်ဖြစ်နေတာတွေ နဲ့ပတ်သက်ပြီး အသံတိတ်လွန်းတယ်လို့ ဝေဖန်နေတဲ့ အပေါ်မှာတော့ သူက ချေပ ပြောဆိုပါတယ်။
“ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ မြန်မာအစိုးရနဲ့ စဉ်ဆက်မပြတ် ညှိနှိုင်းတိုင်ပင်မှုတွေ အတော်များ များ လုပ်ခဲ့ပါတယ်။ အမေရိကန်အစိုးရ အနေနဲ့ အသံတိတ်နေတာ မဟုတ်ပါဘူး။ ဒီကိစ္စဟာ သိပ်အရေးကြီးပြီး ချက်ချင်း ဆောင်ရွက်ရ မယ့် ကိစ္စလို့ ကျနော်တို့ မှတ်ယူပါတယ်။ ကျနော်တို့ရဲ့ စိုးရိမ်မှုတွေနဲ့ တရားမျှတမှုအတွက် ကျနော်တို့ဖြစ်စေချင်တာတွေကို တင်ပြနိုင်တဲ့ နည်းလမ်းတွေ အများအပြားရှိပါတယ်” လို့ မစ္စတာ ဒဲရက် မစ်ချယ်က ပြောပါတယ်။
“စစ်ရေးအရ ဆက်လက် ထိုးစစ်ဆင်နေတာဟာ ဘာကြောင့် အစိုးရနဲ့ စစ်ဖက်ဆိုင်ရာ ခေါင်း ဆောင်တွေအတွက် အကျိုးမရှိဘူးဆိုတာကိုတင် ပြဖို့ ကျနော်တို့ ကြိုးစားနေပါတယ်။ ဒီလိုလုပ်တာဟာ ယုံကြည်မှု တည်ဆောက်တဲ့နေ ရာ၊ ပြီးတော့ အခြေခံနိုင်ငံရေး ပြဿနာအတွက် နိုင်ငံရေးအရ အဖြေရှာတဲ့နေရာမှာ သူတို့ရဲ့ ဆောင်ရွက်နိုင်စွမ်းကို ထိခိုက်စေပါတယ်” လို့ သူက ဆိုပါတယ်။
“ဘာရည်ရွယ်ချက်နဲ့ပဲ စစ်ရေးအရ ဆောင်ရွက်မှုတွေကို ဆက်လုပ်ဆက်လုပ် နိုင်ငံတကာအလယ် မှာ သူတို့ရဲ့ ဂုဏ်သတင်း ညှိုးနွမ်းစေ မှာ ဖြစ်ပါတယ်၊ ပြီးတော့ သူတို့ ဖော်ပြခဲ့တဲ့ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ဖွံ့ဖြိုးရေး ရည်မှန်းချက်တွေကိုလည်း အဟန့်အ တား ဖြစ်စေပါမှာပါ” လို့လည်း မစ္စတာ ဒဲရက် မစ်ချယ်က ပြောပါသေးတယ်။

No comments:
Post a Comment