Monday, January 7, 2013

နေပြည်တော်တွင် ကျောက်မျက်ရတနာဈေးနှင့် ကျောက်စိမ်းစက်ရုံများထူထောင် မည်

သာလွန်ဇောင်းထက်

အစိုးရအုပ်ချုပ်ရေး ယန္တရား အခြေစိုက်ရာ နေပြည်တော်၊ ဒက္ခိဏသီရိမြို့တွင် ကျောက်မျက်ရတနာဈေး၊ ကျောက်စိမ်း သိုလှောင်ရုံ၊ ကျောက် စိမ်း အချောထည် စက်ရုံများ ထူထောင်ရန် မြေနေရာချပေးမည်ဖြစ်ကြောင်း မြေကွက်တကွက်လျှင် အနည်းဆုံး ဒေါ်လာနှစ် သိန်း ကျော်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း သတ္တုတွင်းဝန်ကြီးဌာနမှ သတင်းရရှိသည်။

၂၀၀၆ ခုနှစ် စတင်ပြီး အုပ်ချုပ်ရေးမြို့တော်သစ် အဖြစ် နေပြည်တော်ကို ပြောင်းရွေ့ သတ်မှတ်ပြီးချိန်မှ စတင်ပြီး ကျောက်မျက် ရတနာ ပြပွဲ များ၊ ကျောက်စိမ်းရောင်းချပွဲများကို မြို့တော်သစ်တွင်သာ ပြောင်းရွှေ့ ပြုလုပ်လာခဲ့ကြောင်း၊ ထို့ကြောင့် လုပ်ငန်းရှင်များ အဆင်ပြေ စေ ရေး အတွက် ဒက္ခိဏသီရိမြို့တွင် ကျောက်စိမ်း သိုလှောင်ရုံနှင့် ကျောက်စိမ်း အချောထည်စက်ရုံများ၊ ရွှေကြာပင် ရပ်ကွက်တွင် ကျောက်မျက်ရတ နာ အချောထည်ဈေး ဆောက်လုပ်ခြင်း ဖြစ်ကြောင်း သတ္တုတွင်းဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက် ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ ဦးဆောင် ညွှန်ကြားရေးမှူး ဦးသိန်းဆွေက ဧရာဝတီသို့ပြောသည်။

“နေပြည်တော်မှာ ပြပွဲလည်း လုပ်တယ်။ ကုန်သည်တွေပိုင်းက ဂိုဒေါင်တွေ ဆောက်ချင်ရင် နေရာပေး တာ ပါ။ နောက်တခါ တချို့လည်း အ ချောထည် စက်ရုံဆောက်ချင်ရင် အဲဒီအတွက် နေရာပေးတာပါ။ အကွက်တွေ ရိုက်ထားပြီးသား။ သူတို့လျှောက်ရင် ကျနော်တို့ပေးမယ်။ လုပ် ငန်းရှင်ပေါ် မူတည်တာပေါ့။ လောလောဆယ် နေပြည်တော်မှာပဲ ပြပွဲလုပ်လို့ အခက်အခဲ မရှိအောင် စီစဉ်ပေးတယ်။ ဂရန်ကိစ္စကို နေပြည် တော် ကောင်စီနဲ့ ဆိုင်တယ်။ ငွေသွင်းတာလည်း နေပြည်တော်ကောင်စီကို သွင်းရမှာ” ဟု ဦးသိန်းဆွေက ရှင်းပြသည်။

ဒက္ခိဏသီရိမြို့တွင် ကျောက်စိမ်းသိုလှောင်ရုံနှင့် ကျောက်စိမ်းအချောထည် စက်ရုံများ တည်ဆောက်ရန် ၂ ဒသမ ၅ ဧကရှိ မြေကွက် ၉၁ ကွက် လျာထားပြီး မြေကွက်တကွက်လျှင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၅ သိန်းဖြင့် လည်းကောင်း၊ ကျောက်မျက်ရတနာ အချော ထည်း ဈေးကွက် ဆောက်လုပ်ရန် ရွှေကြာပင်ရပ်ကွက်တွင် ၁ ဧကရှိ မြေကွက် ၁၉ ကွက် ချထားပေးမည်ဖြစ်ပြီး မြေကွက်တကွက်လျှင် အမေရိ ကန် ဒေါ်လာ ၂ ဒသမ ၆၃ သိန်းဖြင့် လည်းကောင်း ချထားပေးမည်ဖြစ် ကြောင်း သိရှိရသည်။

ကျောက်စိမ်း သိုလှောင်ရုံ၊ ကျောက်စိမ်း အချောထည်စက်ရုံနှင့် ကျောက်မျက်ရတနာ အချောထည်ဈေးအတွက် နိုင်ငံခြားသားများပါ ရင်း နှီး မြှုပ်နှံနိုင်ပြီး ရင်းနှီးမြှုပ်နှံမှုများ အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ခွင့်ပြုချက်ဖြင့် လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းများတွင်မူ နိုင်ငံခြားသားများ ခွင့်ပြုခြင်း မရှိကြောင်း သိရှိရသည်။

“ဂိုဒေါင်၊ အချောထည်စက်ရုံနဲ့ ကျောက်မျက် ရတနာဈေးမှာ နိုင်ငံခြားသားလည်း ရင်းနှီးမြှုပ်နှံချင်ရင် ရင်း နှီးမြှုပ်နှံလို့ရပါတယ်။ MIC က တဆင့်သွားရမှာပါ။ အချောထည်တော့ သူလုပ်လို့ရတာပေါ့။ တူးဖော်တာတော့ နိုင်ငံခြားသား ခွင့်မပြုဘူး” ဟု ဦးသိန်းဆွေက ဆိုသည်။

ပြည်တွင်းကျောက်စိမ်းနှင့် ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းရှင်တဦး ဖြစ်သူ ဦးလှဝင်း (လေသူရဲ) ကမူ နေပြည်တော်တွင်
အစိုးရ အကောင်အထည် ဖော်မည့် ကျောက်မျက်ရတနာ ဈေးကွက်နှင့် စက်ရုံများမှာ လက်တွေ့ကျရန် ခဲယဉ်းသည် ဟု သုံးသပ်သည်။

“ဗိုလ်ခင်ညွှန့် လက်ထက်တုန်းကလည်း ပင်လုံရတနာဈေးဆိုပြီး ကျောက်မျက်ရတနာ ဈေးကွက်မျိုး ထူ ထောင်ဖို့ ကြိုးစားဖူးတယ်။ မအောင်မြင်ဘူး။ အခု နေပြည်တော်က လုပ်မယ့်ဟာက မြေကွက်ဈေးတွေကလည်း တော်တော်မြင့်တယ်။ မြေကွက် ရောင်းစားတဲ့ပုံပဲ။ အဓိက ကျောက်စိမ်းဈေးကွက်နဲ့ ကျောက်မျက် ရတနာဈေးကွက် ဖြစ်ထွန်းဖို့ဆိုရင် နည်းပညာလိုတယ်။ တကယ်လိုအပ်တာက နည်းပညာ။ ကျနော်အနေနဲ့တော့ အစိုးရလုပ်မယ့် စက်ရုံတွေ၊ ဈေးကွက်တွေက လက်တွေ့မှာ ဖြစ်လာဖို့ မလွယ်ဘူးလို့ထင်ပါတယ်” ဟု ဦးလှဝင်းက ဆိုသည်။

မြန်မာနိုင်ငံ၏ ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာ ၀ယ်ယူသည့် အဓိက ၀ယ်လက်မှာ တရုတ်ကုန်သည်များဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်ခန့် မှ စတင်ကာ ကျောက်စိမ်းနှင့် ကျောက်မျက် ရတနာ ရောင်းချမှုမှ နှစ်စဉ် ဒေါ်လာ ဘီလီယံချီ ၀င်ငွေရှိခဲ့ရကြောင်း၊ စံချိန်တင် အဖြစ် လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ကျော်အထိ ရောင်းချနိုင်ခဲ့ကြောင်း၊ သို့ရာတွင် တရုတ် အစိုးရက မြန်မာနိုင်ငံမှ ကျောက်စိမ်း ၀ယ်ယူလာသော တရုတ်ကုန်သည်များကို အခွန် ၃၃ ရာခိုင်နှုန်း တိုးမြှင့် ကောက်ခံလိုက်မှုကြောင့် မြန်မာ့ ကျောက်စိမ်း ၀ယ်လိုအား အထူး ကျဆင်းသွားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၀န်ကြီး ဦးဝင်းမြင့်က ဧရာဝတီသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းတခုတွင် တရားဝင် ထုတ်ဖော်ပြောဆိုခဲ့သည်။

No comments: