Tuesday, January 15, 2013

တဖက်နိုင်ငံတွင် အလုပ်လုပ်ရန် ပို့ပေးမည်ဟုဆိုကာ ငွေလိမ်လည်ခဲ့

ရိုးမ ၃

ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ်၊ ထောင်မင်းကျေးရွာတွင် နေထိုင်သူ အမျိုးသမီး ၅ ဦးအား ကရင်ပြည်နယ်၊ မြဝတီမြို့နေ လင်မယားက ထိုင်း နိုင်ငံသို့ ပို့ဆောင်ကာ အလုပ်ရှာပေးမည်ဟု ပြောဆို၍ ငွေများ လိမ်လည်ခဲ့ကြောင်းသိရသည်။

မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ ကြခတ်တောင်ဘုန်းကြီးကျောင်းနောက်တွင် နေထိုင်သူ ကိုချမ်းမြေ့၊ မမေသန်းနွယ် လင်းမယားက သနပ်ပင်မြို့နယ်၊ ထောင်မင်းကျေးရွာမှ မလွင်လွင်ထူး၊ မသူဇာဝင်း၊ မနီလာဝင်း၊ မမြင့်မြင့်စိန်နှင့် မအေးအေးသင်းတို့အား တဖက်နိုင်ငံသို့ ပို့ဆောင်ပေးမည်ဟု ပြောဆိုကာ တဦးကို ကျပ်ငွေ ၁၅၀၀၀၀ (တစ်သိန်းခွဲ) စီ တောင်းခံပြီး မပို့ဘဲ လိမ်လည်ခဲ့ခြင်းဖြစ်သည်။

“၂၆-၁၁-၁၂ ရက်နေ့မှာ မြဝတီမြို့ကို ရောက်တယ်။ ၂၈-၁၁-၁၂ ရက်နေ့မှာ ကျမတို့ ၅ ယောက်စာ ၇ သိန်းခွဲ သူတို့လင်မယားကို ပေးရတယ်။ ကျမတို့ကို အမှတ် (၄) ရပ်ကွက်၊ ဟေမာန်ဦးဘုန်းကြီးကျောင်းရှေ့က အိမ်တအိမ်မှာ နေစေတယ်။ တနေ့ကို ဆန် ၁ ဗူးနဲ့ ငွေ ၂၀၀ စီ ပေးပြီးတော့ ကိုယ့်ဟာကိုယ် ချက်စားခိုင်းတယ်” ဟု ငွေလိမ့်ခံခဲ့ရသူများတွင် တဦးအပါအဝင်ဖြစ်သည့် မလွင်လွင်ထူးက ပြောသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်လျှင် တရက်လုပ်ခ ဘတ်ငွေ ၃၀၀ စီ ရရှိမည်ဖြစ်ပြီး ပို့ဆောင်ခ ဘတ်တစ်သောင်းကို ၄ လအတွင်း ပြန်လည်ပေးဆပ်ကြရမည်ဟုလည်း ထိုလင်မယားက ပြောကြောင်း သူမက ဆက်ပြောသည်။

သို့သော်လည်း ၂ လနီးပါးခန့် ကြာသည်အထိ မပို့ဆောင်ပေးသဖြင့် မေးမြန်းကြည့်ရာ တိုင်ချင်ရာ တိုင်တန်းနိုင်ကြောင်း၊ တိုင်တန်းပြီးပါက မြဝတီမြို့တွင် နေခွင့်ရှိတော့မည်မဟုတ်ကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု မလွင်လွင်ထူးက ဆက်ပြောသည်။

သူမက “ကျမတို့က တိုင်မယ်လို့ပြောတော့ အဲဒီပွဲစားလင်မယားက တိုင်ချင်ရာတိုင် သမ္မတဦးသိန်းစိန်ဆီ ရောက်လေ ကောင်းလေပဲတဲ့၊ မြဝတီးတမြို့လုံးက ရဲစခန်းတွေ ငါတို့က ပိုင်ပြီးသားလို့လည်း ပြောတယ်။ ပြီးတော့ တိုင်ပြီးရင်တော့ မြဝတီမြို့မှာ နင်တို့ နေလို့ရမှမဟုတ်ဘူး ဆိုပြီး ခြိမ်းခြောက်တယ်” ဟု ပြောသည်။

ထို့အတွက်ကြောင့် မလွင်လွင်ထူးအပါအဝင် အမျိုးသမီး ၅ ဦးသည် ၁၀-၁-၁၃ ရက်နေ့၌ မြဝတီမြို့ အမှတ် (၁) ရဲစခန်းတွင် ကိုချမ်းမြေ့နှင့် မမေသန်းနွယ်တို့ လင်မယားအား ပုဒ်မ (၄၁၇) အရ အမှုဖွင့် တိုင်ကြားကာ နေရပ်သို့ ပြန်လာခဲ့ကြသည်။

လက်ရှိမြန်မာနိုင်ငံတွင် အလုပ်အကိုင်ရှားပါးပြီး စားဝတ်နေရေးခက်ခဲမှုများကြောင့် တဖက်နိုင်ငံများသို့ နည်းအမျိုးမျိုးဖြင့် သွားရောက်၍ အလုပ်အကိုင်ရှာဖွေကြရာတွင် ကြားပွဲစားများ၏ လိမ်လည်မှုနှင့် လူကုန်ကူးမှုကို ပြည်သူအများ ခံနေကြရကြောင်း သတင်းများ မကြာခဏထွက်ပေါ်လေ့ရှိသည်။

No comments: