Tuesday, January 15, 2013

သမ္မတ ဦးသိန်းစိန်၏ ဥပဒေ ပြင်ဆင်ချက်များ လွှတ်တော်က ပယ်ချ

သာလွန်ဇောင်းထက်

သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေမူကြမ်းနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံး ဥပဒေမူကြမ်းများနှင့် ပတ်သက်ပြီး ပြင် ဆင် ချက်များ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ရာတွင် လွှတ်တော်က သမ္မတ၏ ပြင်ဆင်ချက်များကို လက်မခံဘဲ ပယ်ချလိုက် သဖြင့် ရှုံးနိမ့်သွားကြောင်း သတင်းရရှိသည်။

ယနေ့ နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်က သဘောတူ ရေးဆွဲထားပြီးသော ပြည် ထောင်စု စာရင်းစစ်ချုပ် ဥပဒေကြမ်းနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥပဒေကြမ်းများကို ပြင်ဆင်ရေးအတွက် သမ္မတ ဦး သိန်းစိန် ကိုယ် စား ပြည်ထောင်စု ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးက လွှတ်တော်သို့ တင်ပြခဲ့ကြောင်း၊ လွှတ်တော်က သမ္မတ၏ ပြင် ဆင်ချက်များ နှင့် ပတ်သက်ပြီး မဲခွဲဆုံးဖြတ်ခဲ့ရာ သမ္မတ၏ ပြင်ဆင်ချက်များ အရေးနိမ့်သွားခြင်း ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ် များထံမှသိရှိ ရ သည်။

“ပြည်ထောင်စုလွှတ်တော်က အတည်ပြုရေးဆွဲထားတဲ့ ဥပဒေကြမ်းနှစ်ခုကို သမ္မတ လက်မှတ်ရေး ထိုးပြီး ထုတ်ပြန်ပေးဖို့ ဦးသိန်းစိန်ဆီကို ပို့ထားတယ်။ ဒါပေမယ့် သမ္မတက သူသဘောမတူနိုင်တဲ့ အချက်တွေပါနေလို့ ဆိုပြီး ပြင်ဆင် ချက်လုပ်ပေးဖို့ လွှတ်တော်ကိုပြန်တင်တယ်။သမ္မ တပြင်ဆင်ချက်ကို လွှတ်တော်မှာ မဲခွဲလိုက်တော့ သမ္မတ ရှုံးသွားတယ်။ အခု ပြည် ထောင်စု စာရင်းစစ်ချုပ်နဲ့ ဖွဲ့စည်းပုံအခြေခံ ဥပ ဒေခုံရုံး ဥပဒေကြမ်းတွေက သမ္မတ သဘောမတူ၊ လက်မှတ်မထိုးလည်း အတည်ဖြစ်သွား ပြီ” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့် အောင်က ပြောသည်။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသော ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေကြမ်းတွင် သမ္မတ ဦးသိန်းစိန်က သဘောမတူ သော အချက်များရှိပြီး အဓိကအားဖြင့် စာရင်းစစ်ချုပ်သည် သမ္မတနှင့် လွှတ်တော်သို့ တပြိုင်နက်တည်း စာရင်းများ တင်ပြရမည်ဆိုသော အချက်ကို သမ္မတက စာရင်းများကို သမ္မတထံတင်ပြပြီးမှ သမ္မတမှတဆင့် လွှတ်တော်သို့ တင်ပြရမည်ဟု ပြင်ဆင်ရန် ကြိုးပမ်းခြင်းဖြစ် သည်ဟု သိရှိရ သည်။

“ပြည်ထောင်စု စာရင်းစစ်ချုပ်က စာရင်းစစ်ပြီးပြီဆိုတာနဲ့ သမ္မတကိုလည်း တင်ပြရသလို တပြိုင် နက်တည်း လွှတ်တော်ကိုလည်း တင်ပြရ မယ်ဆိုတဲ့ အချက်ကို သမ္မတက သဘောမကျဘူး။ စာရင်းစစ်ချုပ်ဆိုတာက သမ္မတက ခန့်အပ်တာဝန်ခံတာမို့ စာရင်းစစ်ပြီးတာနဲ့ သမ္မတဆီက တဆင့်ပဲ စစ်ထားတဲ့စာရင်းတွေကို လွှတ်တော်ကို တင်ပြရမယ်လို့ သမ္မတက ပြင် ဆင်တယ်။ဒါပေမယ့်လွှတ်တော်ဘက်ကဒါကိုပယ်ချတယ်၊ သဘောမတူဘူး။ လွှတ်တော်ရဲ့ အတည်ပြုချက်အရ စာရင်းစစ်ချုပ်က စစ် ထားတဲ့စာရင်းတွေကို သမ္မတဆီရော၊ လွှတ်တော်ကိုရော တပြိုင် နက်တည်း တင်ရမယ်။ နောက်တချက်က ပြည်ထောင်စုလွှတ် တော်က တာဝန်ပေးရင် စာရင်းစစ်ချုပ်က ၀န်ကြီးဌာနတွေရဲ့ ဆောင်ရွက်မှု တွေ ကို ၀င်ပြီးတော့ စစ်လို့ရမယ်။ ဒါကိုလည်း သမ္မတက သဘောမတူ ဘူး။ အခြေခံဥပဒေနဲ့ ဆန့်ကျင်တယ်ဆိုပြီးပြောပြီး ပြင်ဆင်ဖို့ လုပ် တယ်။ ဒါပေမယ့် လွှတ်တော်မှာ မဲခွဲတော့ သမ္မတအဆို ရှုံးတယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ပြောသည်။

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး ဥပဒေကြမ်းတွင်လည်း သမ္မတက ပြင်ဆင်ချက်များ တင်သွင်းရာတွင် ခုံရုံးဥက္ကဋ္ဌကို သမ္မတက ရွေး ချယ် ပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးရန် ဆိုသော ပြင်ဆင်ချက် အပါအ၀င် အချက်များ တင်သွင်းခဲ့သော်လည်း လွှတ် တော် တွင် မဲခွဲရာ၌ အရေးနိမ့်သွားကြောင်း သိရှိရသည်။

“နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးမှာ အဖွဲ့ဝင် ၉ ဦးရှိတယ်။ ၉ ဦးဆိုတာက သမ္မတက ၃ ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ၃ ဦး၊ အမျိုး သားလွှတ်တော် ဥက္ကဋ္ဌက ၃ ဦး ရွေးချယ်ပေးထားတာ။ အဲဒီ ၉ ဦးမှာ ဥက္ကဋ္ဌကို သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့က ညှိုနှိုင်းခန့်အပ်ရမယ်လို့ လွှတ်တော်က အတည်ပြုထားတယ်။ သမ္မတက ဒါကို သဘောမတူဘူး။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သမ္မတ က ခန့်အပ်၊ လွှတ်တော်က အတည်ပြုရမယ်ဆိုပြီး ပြင်ဆင်ချက်တင်တာ။ နောက် တခုကတော့ခုံရုံးအဖွဲ့ဝင်တွေအနေနဲ့သက်ဆိုင်ရာရွေးချယ် ခဲ့တဲ့ သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတွေ ဆီကို အစီရင်ခံစာ တင်ရမယ်ဆိုတာကိုလည်း သမ္မတက သဘော မတူဘူး” ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။

သမ္မတ ဦးသိန်းစိန်၏ ဥပဒေပြင်ဆင်ချက်များကို တပ်မတော်သား ကိုယ်စားလှယ်များက ထောက်ခံခဲ့ကြသော်လည်း လက်တွေ့မဲခွဲရာတွင် ရှုံး နိမ့်ခဲ့ကြောင်း သိရှိရသည်။

“ဥပဒေကြမ်းနှစ်ခုအပေါ် သမ္မတပြင်ဆင်ချက်နဲ့ ပတ်သက်လို့ မဲခွဲတော့ သမ္မတပြင်ဆင်ချက်ကို ထောက်ခံတဲ့မဲက ၁၈၀ နဲ့ ၂၀၀ ကြားရတယ်။ ဒါပေမယ့် သမ္မတပြင်ဆင်ချက်ကို ကန့်ကွက်တဲ့မဲက ၃၅၀ နဲ့ ၄၀၀ ကြားမှာ ရှိတယ်။ တပ် မတော်သား ကိုယ်စားလှယ်တွေက သမ္မတပြင်ဆင် ချက်ကို ထောက်ခံဖို့ အဆိုတင်ကြတယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးသိန်းညွှန့်က ရှင်းပြသည်။

သမ္မတနှင့် လွှတ်တော်အကြား ဥပဒေကြမ်းအပေါ် အမြင်သဘောထား မတူညီမှုသည် ဒီမိုကရေစီ၏ အနှစ်သာရ ဖြစ်ကြောင်း ဦးသိန်းညွှန့်က ဆိုသည်။

၂၀၁၂ ခုနှစ်အတွင်းက ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဥပဒေများကို လွှတ်တော်ကအတည်ပြုရေးဆွဲခဲ့ရာ သမ္မ တက ပြင်ဆင်ချက်များ တင်သွင်းခဲ့သော်လည်း လွှတ်တော်က ပယ်ချခဲ့သဖြင့် သမ္မတ လက်မှတ်ရေးထိုးခြင်း မရှိသော ဥပဒေများ အဖြစ်တ ရား ၀င် အတည်ပြုပြဋ္ဌာန်းခဲ့သည်။

No comments: