Thursday, January 17, 2013

ပါကထောင် ဒုက္ခသည်စခန်းတွင် တိုက်ပွဲဖြစ်ပွားချိန် ပုန်းခိုရန်ပြင်ဆင်ထားသည့်က တုတ်ကျင်းမြေပြိုမှုကြောင့် ကလေး (၃) ဦးသေ

ကချင်သတင်း

ကချင်ပြည်နယ် တရုတ်မြန်မာနယ်စပ် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA ထိန်းချုပ်နယ်မြေ မိုင်ဂျာ ယန်မြို့ (Mai Ja Yang) ပါကထောင် (Pa Kahtawng) ရှိ ဒုက္ခသည် စခန်းတွင် တိုက်ပွဲများကြောင့် လုံခြုံရေးအတွက် ပုန်းခိုရန်ပြုလုပ် ထားသော ကတုတ်ကျင်း မြေပြိုကျမှုကြောင့် က လေး (၃) ဦး သေဆုံးသွားကြောင်းသိရသည်။

အဆိုပါ ကလေးသုံးဦးသည် ဇန်န၀ါရီလ ၁၅ ရက် နေ့လည်ချိန်တွင် ကတုတ်ကျင်းအနီး ပြေးဆော့ ကစားရင်း မြေပြို၍ သေဆုံးသွားခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

သေဆုံးသွားသည့် ကလေးများသည် မောင် လဗျလောရီ အသက် ၁၃ နှစ်၊ မောင် ကရန်မျိုးဆန့် အသက် ၁၁ နှစ်နှင့် မောင် လဖိုင်တူးဂျာ အ သက် ၁၂ နှစ် တို့ဖြစ်ပြီး ပညာသင်ကြားနေသောကျောင်းသားများဖြစ် သည်။

ထိုကတုတ်ကျင်းများသည် ၅ ပေ ကျော်အမြင့်များဖြစ်ပြီး အစိုးရစစ်တပ်မှ ဝေဟင်မှ လေယာဉ်များဖြင့် လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက် ခိုက်မှုများကြောင့် လုံခြုံရေးအတွက် နေရာယူရန် တူးဖော်ထားသော ကတုတ်ကျင်းများဖြစ်ကြောင်း ဒုက္ခသည်စခန်းများကို ကြည့်ရှု နေသူ ဆရာမဘောက်တောင်က ပြောသည်။

“ကတုတ်ကျင်းထဲမှာ ကစားတာ ကလေး ၄ ယောက်ဟုတ်တယ်။ မြေပြိုလာတာနဲ့ ကလေး ၁ ယောက်က ထွက်ပြေးလာချိန်မှာ ကျန်တဲ့ သူ တွေကို တစ်ခါတည်းမြေပြိုပြီးဖိလိုက်တယ်။ အဲဒီချိန်မှာ တခါတည်း လူကြီးတွေကို ခေါ် တော့ လူကြီးတွေလည်း တစ်ခါတည်းပေါက်ပြားတွေ ကိုင်ပြီးတူးတာ။ ချက်ချင်းတော့ လုပ်တာပဲ မြေပြိုတာနဲ့ ၅ မိနစ်လောက်လောက် ဘဲကြာတယ်။ အသက်ကို ဖြစ်နိုင်သလောက် ကယ်တယ် ဒါပေမယ့် မရတော့ဘူးလေ။” ဟု ဒုက္ခသည်စခန်းမှ ဆရာမ ဘောက်တောင် (Bawk Tawng) ပြောသည်။



အဆိုပါ ကတုတ်ကျင်းများကို လုံခြုံရေးအတွက် လွန်ခဲ့သည့် ၃ ရက်ခန့်မှ တူးထားခြင်းဖြစ်ပြီး ၄င်းအဖြစ်အပျက်သည် လူကြီးများ ထမင်း စား နားချိန်တွင်ဖြစ်သွားခဲ့ခြင်းဖြစ်သည်ဟု ဆက်ဆိုသည်။

“နိုင်ငံရေးက အရမ်းရှုပ်လာတော့ ကျမတို့လည်း ကြောက်တာပေါ့ လေယာဉ်တွေနဲ့တိုက်နေတော့ ကျမတို့ ဒုက္ခသည်စခန်းမှလည်း ကတုတ် ကျင်းတွေတူးကြတာဖြစ်တယ်” ဟုဆိုသည်။

ပါကထောင် (Pa Kahtawng) ဒုက္ခသည် စခန်းတွင် ဒုက္ခသည် ၂၀၀၀ ကျော်ရှိခိုလှုံနေပြီး ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၃) နယ် မြေလည်းဖြစ်သည်။

တိုက်ပွဲများဖြစ်ပွားချိန်တွင် လေယာဉ်သံများ သေနတ်သံများနှင့် လက်နက်ကြီးပေါက်ကွဲသံများကို ထိုစခန်းမှ ကြားနေရခြင်းကြောင့် ထိုဒေသ တွင်ခိုလှုံနေသော ဒုက္ခသည်များသည် စိုးရိမ်ကြောက်လန့်၍ ကတုတ်ကျင်းများကို တူးနိုင်သမျှ တူး၍ လုံခြုံရေးအတွက် ပြင်ဆင် နေချိန် ထိုသို့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သေဆုံးသွားသူများကို ယမန်နေ့တွင် သဂြိုလ်ခဲ့ပြီး ဒုက္ခသည်သည် ၄င်းတို့ လုံခြုံရေးအတွက် ဆက်လက်ပုန်းခိုရန် အန္တရာယ်ကင်းသည့် နေရာ မည်သို့ရှာဖွေမည်မသိ အခက်ခဲရင်ဆိုင်နေကြောင်း သိရှိရသည်။

No comments: