Friday, January 4, 2013

တိုက်ပွဲကြောင့် ဗန်းမော် မန္တလေး ကားလမ်း ပြတ်တောက်

ကော့လီ

ယမန်နေ့ည ကချင် လွတ်လပ်ရေး တပ်မတော် က ဗန်းမော် နဲ့ မန်စီ မြို့အ ကြား မန်ရွတ် တံတားမှာ လုံခြုံရေးယူထားတဲ့ အစိုးရတပ်ဖွဲ့ဝင်တွေကို ဝင် ရောက်တိုက်ခိုက်ခဲ့လို့ တံတား ပျက်စီးသွားပြီး ဗန်းမော် မန္တလေး ကားလမ်း အဆက်သွယ် ပြတ်တောက်သွားခဲ့တယ်လို့ သတင်းရရှိပါ တယ်။

ဇန်နဝါရီ ၃ ရက်နေ့ ည ၁၀ ခန့်မှာ ဗန်းမော်မြို့ တောင်ဘက် ငါးမိုင်အကွာရှိ မန်ရွတ်တံတားမှာ လုံခြုံရေး ယူထားတဲ့ အစိုးရတပ်ဖွဲ့တွေကို ကေအိုင်အေ တပ်ဖွဲ့ဝင်များက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အပြင်းအထန်ပစ်ခတ် တိုက်ခိုက်ခဲ့ လို့ မန်ရွတ်တံတား ပျက်စီးသွား တာ ဖြစ်ပါတယ်။

တစ်ညလုံး ပစ်နေကြတာ။မနက်လင်းအားကြီး ၅ နာရီလောက်အထိသေနတ် သံတွေ ကြားနေရတယ်။ ဒါကြောင့်မန်ရွတ်ရွာကလူတွေ အကုန်လုံးဗန်းမော် ကို ထွက်ပြေးလာကြတယ်။ တစ်ရွာလုံးနီးနီး ဘယ်သူမှ မရှိတော့ဘူး။ – လို့ ဗန်းမော် မြို့ခံ တစ်ဦးက ကော့လီကို ပြောပြပါတယ်။

မနေ့ညက တိုက်ပွဲမှာ ကေအိုင်အေ တပ်ဖွဲ့က အထိအခိုက် အကျအဆုံးများတယ်လို့ သိရပြီး ဒီညမှာ လည်း ကေအိုင်အေက လာရောက် တိုက်ခိုက်ဦးမယ်လို့ သတင်းများ ထွက်ပေါ်နေတာကြောင့် မန်ရွတ်ရွာနဲ့ အနားမှာရှိတဲ့ နန့်မဖွဲရွာက လူတွေ အခုလို တိမ်းရှောင်သွားကြတာ ဖြစ်တယ်လို့ သူကပြောပါတယ်။

မန်ရွတ်ရွာဟာ ရှမ်းလူမျိုး အများစု နေထိုင်ရာ ရွာဖြစ်ပြီးတော့ ကချင်လူမျိုး အနည်းငယ်လည်း နေထိုင်တယ်လို့ သိရပါတယ်။ ရှမ်းလူမျိုး များ ကတော့ ဗန်းမော်မြို့ အနီးတဝိုက်က ဆွေမျိုးသားချင်းတွေ အိမ်မှာပဲ သွားရောက်ခိုလှုံနေကြပြီးကချင်လူမျိုးတွေကတော့ဘုရားရှိခိုး ကျောင်း တွေမှာ ဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်းတွေမှာ ဝင်ရောက်ခိုလှုံနေကြတယ်လို့လည်း သိရပါတယ်။


မန်ရွက်တံတားနဲ့ မန်စီမြို့အကြားမှာပဲ အစိုးရတပ်ရင်းများဖြစ်တဲ့ (၆၀၁)၊ (၅၁၉) တပ်ရင်းဌာနချုပ်များလည်း တည်ရှိပြီး မန်ရွတ်တံတား လုံ ခြုံရေးယူထားတဲ့ တပ်ဖွဲ့ကတော့ (၆၀၁)မှာ တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၂ နှစ်အကုန်မှာ ကချင်ပြည်နယ် အတွင်း တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာပြီး ဒီဇင်ဘာလ ၃၀ ရက် နေ့တုန်းကမြစ်ကြီးနားဗန်းမော်ကား လမ်းကို စိုးမိုးထားတဲ့ ကေအိုင်အေ တပ်ဖွဲ့အခြေစိုက် ပွိုင့် ၇၇၁ စခန်းကို အစိုးရတပ်ဖွဲ့များက လေ ကြောင်းပစ်ကူများနဲ့ တိုက်ခိုက် သိမ်း ပိုက်ခဲ့တယ်လို့ အစိုးရပိုင် သတင်းစာများက ရေးသားဖော်ပြထားတာကို တွေ့ရပါတယ်။

No comments: