ကေဇင်ဦး
ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်တော်၊ စစ်တွေ၊ မင်းပြား၊ ရသေ့တောင်၊ ကျောက်ဖြူမြို့များတွင် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ရှင်းလင်းပြောဆိုမှုများ ပြုလုပ်သွားမည်ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ဥက္ကဋ္ဌ ဦးအေးသာအောင်က နိုဝင်ဘာ ၁၈ရက်တွင် မဇ္စျိမကို ပြောသည်။
၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြည်သူ့အခွင့်အရေးများ ဆုံးရှုံးနေသည်ကို ဦးစွာဆွေး နွေးမည်ဟု ၄င်းက ဆိုသည်။ “ပြင်ဆင်သင့်အသစ်ရေးဆွဲသင့်ကို သဘောထားကောက်ယူမှာထက် ၂၀၀၈ဖွဲ့စည်းပုံဥပဒေနဲ့ပတ်သက်ပြီး ပြည်သူနားလည်အောင် အရင်ပြောမှာဖြစ်ပါတယ်”ဟု ဦးအေးသာအောင် ရှင်းပြသည်။
အဆိုပါခရီးစဉ်ကို ဒေသခံများ၏ ဖိတ်ကြားမှုအရ နိုဝင်ဘာ ၂၃ ရက်တွင်စတင်မည်ဖြစ်သည်။
စစ်တွေမြို့ဝံလတ်ဖောင်ဒေးရှင်းမှဦးသိန်းဝင်းက “တစ်နိုင်ငံလုံး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီး လှုပ်ရှားဆောင်ရွက်နေတဲ့ အချိန်မှာ ရခိုင်ပြည်သူတွေက အခြားအကြောင်းတွေနဲ့ကြောင့် အခြေခံဥပဒေဆိုတာ ဘာမှန်းမသိသေးဘူး၊ ဒါကြောင့်ရခိုင်ခေါင်းဆောင်တွေက လာပြီး ပြည်သူကို ရှင်းလင်းမယ်ဆိုရင်တော့ ကောင်းတာပေါ့ဗျာ”ဟု မဇ္စျိမကို ပြောသည်။
ALD ပါတီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ပြန်လည်ရေးဆွဲရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)နှင့် လက်တွဲလုပ်ဆောင်နေပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပူးပေါင်းဆောင်ရွက်လျှက်ရှိသည်။ ALDနှင့် NLDတို့သည် မြန်မာ့ဒီမိုကရေစီအရေးတော်ပုံ အပြီး ၁၉၉၀ပြည့်နှစ် ရွေးကောက်ပွဲကာလကတည်းကပင် လက်တွဲလုပ်ဆောင်မှုများ ရှိခဲ့သည်။
No comments:
Post a Comment