Saturday, November 9, 2013

ရွာငံတွင် လျှော်ကြေးပေးလိုသူနှင့် မြေပြန်လိုချင်သူတို့ ညှိနှိုင်းမှု မပြေလည်သေး

ကေဇင်ဦး

ရှမ်းပြည်တောင်ပိုင်း ဓနုအုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်ရှိ မြေဧက ၁၂၀၀ ကျော်တွင် စိုက်ပျိုးရေးလုပ်ကိုင်နေသည့် ရွှေသံလွင်ကုမ္ပဏီနှင့် မြေသိမ်းခံရသူများ အငြင်းပွားနေမှုကို ပြည်ထောင်စုလွှတ်တော် လယ်ယာမြေစုံစမ်းစစ်ဆေးရေးကော်မရှင်က လာရောက်ညှိနှိုင်းဖြေရှင်းပေးခဲ့သော်လည်း ပြေလည်မှုမရှိသေးဟု မြေသိမ်းခံရသူများက နိုဝင်ဘာလ ၇ရက်တွင် မဇ္ဈိမကို ပြောသည်။

အဆိုပါမြေနေရာတွင် နှစ်ရှည်သီးပင်များစိုက်ပျိုးထားသော်လည်း အများစုမှာ မြေလွတ်များအဖြစ်သာ ရှိနေသေးသည်ဟု ဒေသခံများက ပြောသည်။

“တောင်သူတွေက စိုက်ပျိုးမြေကို ပြန်လိုချင်တယ်၊ ကုမ္မဏီက လျော်ကြေးငွေပေးချင်တယ် ဒါပေမယ့် ဘယ်လိုနှုန်းထားနဲ့ ပေးမယ်ဆိုတာတော့ မပြောဘူး”ဟု ရွာငံမြို့နယ်မှ လယ်ယာမြေသိမ်းဆည်းခံရသူ ဦးဇော်မြင့်အေးက မဇ္ဈိမကို ပြောသည်။

အဆိုပါမြေများသည် မြေလွတ်မြေရိုင်းများဖြစ်ပြီး ၁၉၉၈ ခုနှစ်ကတည်းက စိုက်ပျိုးမြေအဖြစ် အကောင်အထည်ဖော်ရန် အစိုးရက သိမ်းဆည်းကာ ရွှေသံလွှင်စိုက်ပျိုးရေးလုပ်ငန်းကို ပြန်လည်လွှဲပြောင်း လုပ်ကိုင်စေခဲ့သည်ဟု မြေသိမ်းခံရသူ ဦးဇော်မြင့်အေးက ပြောသည်။

သိမ်းဆည်းခံရသည့် လယ်ယာမြေများနှင့်ပတ်သက်၍နိုဝင်ဘာ ၅ ရက်က ရွာငံမြို့နယ်တွင်းရှိ ရွှေသံလွင်စိုက်ပျိုးရေး ကုမ္မဏီရုံးတွင် ကုမ္မဏီဘက်မှ ကိုယ်စားလှယ်များ၊ လယ်ယာမြေစုံစမ်းစစ်ဆေးရေး ကော်မရှင်မှ တာဝန်ရှိသူများနှင့် လယ်ယာမြေသိမ်းဆည်းခံရသည့် တောင်သူတို့ သုံးပွင့်ဆိုင်တွေ့ဆုံခဲ့ပြီး လယ်ယာမြေများ လျော်ကြေးပေးရေးကိစ္စ ဆွေးနွေးခဲ့သည်ဟု ဓနုတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ အတွင်းရေးမှူးဦးအောင်ဇော်ငြိမ်းက ပြောသည်။

လယ်ယာမြေစုံစိမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင် ဦးမင်းသူက“တောင်သူတွေက လယ်ကိုပြန်လိုချင်တယ်ဆိုတာ စိုက်ပျိုးမြေမရှိလို့ အလုပ်အကိုင်မရှိလို့ပါ၊ တောင်သူတွေ လယ်လုပ်စရာမလိုဘဲ အခြားအလုပ်အကိုင် အခွင့်အလမ်းရရှိနိုင် အစိုးရက အောင်ဆောင်ရွက်ပေးမယ်ဆိုရင် တောင်သူတွေကို ညှိနှိုင်းလို့ရနိုင်ပါတယ် ဥပဒေမှာလဲ အလုပ်အကိုင်အခွင့်အလမ်းတွေ ဆုံးရှုံးသွားတယ်ဆိုရင် ပြန်လည်ဖော်ထုတ်ပေးဖို့ ပြဋ္ဌာန်းထားပါတယ် ”ဟု သုံးသပ်ပြောဆိုသည်။

အစိုးရအဖွဲ့အနေဖြင့် မြေယာသိမ်းဆည်းမှုများကို ဖြေရှင်းနိုင်ရန် မြေအသုံးချရေးစီမံခန့်ခွဲမှု ကော်မတီများ ဖွဲ့စည်းဆောင်ရွက်နေပြီး ပြည်ထောင်စုလွှတ်တော်က ပေးပို့ထားသည့် အမှုပေါင်း ၇၄၅မှု ထဲမှ သြဂုတ်လ၈ရက်မှ အောက်တိုဘာ ၂၅ရက်နေ့အထိ မြေဧက ၂၀၀၀နီးပါးကို ၂လအတွင်း ဖြေရှင်းပေးခဲ့ကြောင်း လွှတ်တော်သို့ အစီရင်ခံထားသည်။

No comments: