Monday, November 18, 2013

ဥရောပရင်းနှီးမြှုပ်နှံမှုဘဏ် ၂၀၁၄ မှ စတင်ပြီး ယူရိုသန်း ၃၀ မှ ၁၀၀ အထိ နှစ်စဉ်ထောက်ပံ့မည်

ကိုကိုကြီး၊ ထင်လင်းအောင်

ဥရောပရင်းနှီးမြှုပ်နှံမှုဘဏ်က လာမည့် ၂၀၁၄ ခုနှစ်မှစတင်ပြီး အစိုးရနှင့် ပုဂ်္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေများ ထောက်ပံ့ပေးသွားမည်ဟု ဥရောပသမဂ္ဂအဖွဲ့နှင့် မြန်မာနိုင်ငံအကြားတွင် ပထမဆုံးအကြိမ်ပြုလုပ်သည့် မျက်နှာစုံညီအစည်းအဝေးအပြီး နိုဝင်ဘာ ၁၅ ရက်က ထုတ်ပြန်သည့် ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဥရောပသမဂ္ဂဘက်မှ လွှတ်တော်၏ နောက်ဆုံးအတည်ပြုချက်ရရှိပြီးပါက ၎င်းဘဏ်ကအသေးစားနှင့် အလတ်စား လုပ်ငန်းများအတွက် ပြည်တွင်းဘဏ်များမှတစ်ဆင့် ချေးငွေထုတ်ချေးခြင်း အပါအ၀င် သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်၊ သစ်တောကဏ္ဍနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများတွင် နှစ်စဉ်ယူရိုသန်း ၃၀ မှ ၁၀၀ ကြားထိ ထောက်ပံ့သွားမည်ဖြစ်သည်။

ဥရောပ ရင်းနှီးမြှုပ်နှံမှုဘဏ်တွင် ပြည်ပချေးငွေဆိုင်ရာလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေသည့် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ Tamsyn Barton က “ဥရောပရင်းနှီးမြှုပ်နှံမှုဘဏ်နဲ့ မြန်မာအစိုးရ အကြားမှာ ချေးငွေထောက်ပံ့ပေးဖို့မူအရသဘောတူလက်ခံထားပြီးဖြစ်တယ်။ ဥရောပသမဂ္ဂအဖွဲ့ကို ကိုယ်စားပြုပြီး ရင်းနှီးမြှုပ်နှံမှုဘဏ်အနေနဲ့ ပထမဆုံးအကြိမ် ချေးငွေထောက်ပံ့သွားမှာဖြစ်တယ်” ဟု ပြောသည်။

ဥရောပရင်းနှီးမြှုပ်နှံမှုဘဏ်နှင့် ဗဟိုဘဏ်ကြားတွင် ချေးငွေကိစ္စနှင့်စပ်လျဉ်းသည့် လုပ်ငန်းစဉ် မူဘောင် တစ်ရပ်ကို သဘောတူလက်မှတ်ရေးထိုးနိင်ရန် Exchange of Letter ကို ယခုလ ၁၅ ရက်က နေပြည် တော်တွင် အပြန်အလှန်လဲလှယ်ပြီးဖြစ်သည်။

အဆိုပါလုပ်ငန်းစဉ် သဘောတူညီချက်တွင် ချေးငွေနှုန်းထားသတ်မှတ်ခြင်း၊ ငွေပေးချေခြင်းတို့နှင့် ပတ် သက်သည့်အသေးစိတ်အချက်အလက်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ က ပြောသည်။

“ဥရောပရင်းနှီးမြှုပ်နှံမှုဘဏ်နဲ့ ဗဟိုဘဏ်တို့က တိုက်ရိုက်စမယ်။ ဒါပေမဲ့ ငွေချေးတဲ့ကိစ္စတွေပါနေတဲ့ အတွက် ဗဟိုဘဏ်အောက်ကနေသွားမှာလား ဘဏ္ဍာရေးဝန်ကြီးဌာန အောက်ကနေ သွားမှာလား ဆိုတာကို တိုင်ပင်နေတုန်းပဲရှိတယ်” ဟု ဒုတိယဥက္ကဋ္ဌက ပြောသည်။

ယခုအပတ်အတွင်း ရန်ကုန်နှင့် နေပြည်တော်တို့တွင်ကျင်းပခဲ့သည့် ဥရောပသမဂ္ဂအဖွဲ့နှင့်မြန်မာနိုင်ငံ ကြား ပထမအကြိမ် မျက်နှာစုံညီအစည်းအဝေးတွင် စီးပွားရေး၊ နိုင်ငံရေးနှင့် အရပ်ဘက်လူ့အဖွဲ့အစည်း များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့မှုများပေးနိုင်ရန် နှစ်ဖက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

No comments: