Friday, November 1, 2013

မန်စီမြို့အနီးရွာများတွင် ပစ်ခတ်မှုကြောင့် ဒုက္ခသည်တစ်ထောင်ကျော်ရှိနေ

နန်းလွင်နှင်းပွင့်

ကချင်ပြည်နယ်၊ မန်စီမြို့နှင့်ခြောက် မိုင်ကျော်ဝေးသည့် ရွာ ၁၀ ရွာတွင် စစ်တပ်ဘက်မှ ၀င်ရောက်ပစ်ခတ်မှုများရှိနေသဖြင့် ထွက်ပြေးလာကြသူ စစ်ပြေးဒုက္ခသည်များ ၁၀၀၀ ကျော်ခန့် ရှိပြီဟု ယင်းမြို့အနီး ကယ်ဆယ်ရေးစခန်းများ၏ စာရင်းများအရ သိရသည်။

စစ်ပြေးဒုက္ခသည် ၃၄၀ ကျော် လက်ခံထားသည့် မိုင်းခေါင်ကျေးရွာ၊ KBC ဘုရားကျောင်းမှ သင်းအုပ် ဆရာဦးမိတုံးအောင်က “ဒီမှာကလည်း စားစရာကသူတို့တွေအတွက်ပါဆိုတော့ မလောက်တော့ လောလောဆယ်မှာ တစ်အိမ်ထောင်ကိုတစ်ထောင်လောက် စီကောက်ပြီးစုချက်စားတယ်၊ အခုတော့ ကွန် ရက်တွေကလာပြီး လှူတာတွေလည်းရှိတယ်” ဟု ပြောသည်။

စစ်ပြေးလာသည့် ရွာများမှာ မခေါယန်၊ နမ့်ဖူ၊ ကုန်ခါးပါ၊ မကာရိုင်၊ မုန်လူ၊ ကျဆွမ်၊ လိုင်ကာဇွပ်ဂျာ၊ ခါ ပရာယန်၊ ဒန်အောင်ဂျာ ၊ မုန့်ဒိမ်းပါရွာများဖြစ်ပြီး အောက်တိုဘာ ၃၀ ရက်တွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ ကြောင်း မုန့်ဒိမ်းပါရွာတွင် တာဝန်ကျနေသည့်အစိုးရစစ်တပ်မှ ဗျူဟာမှူးတစ်ဦးက ပြောသည်။

အဆိုပါဗျူဟာမှူးက “ပစ်တယ်ဆိုတာက ကျွန်တော်တို့ကရွာထဲကို မပစ်ပါဘူး။ ကိုယ့်ဘက်ကလည်း စပြီးမပစ်ပါဘူး၊ KIA ဘက်က စပစ်လို့ ပြန်ပစ်တာပဲရှိတယ်” ဟု ပြောသည်။

ပစ်ခတ်မှုများ ပြန်လည်ဖြစ်ပွားခဲ့သည့် အဆိုပါနေရာများသည် လတ်တလောအစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ မဆွေးနွေးမီအထိ KIA တပ်မဟာ (၃)၊ တပ်ရင်း ၁၂ နှင့် ၁၇ တို့နေရာဖြစ်ပြီး အစိုးရနှင့် ဆွေးနွေးမှုများပြုလုပ်ပြီးနောက်ပိုင်းတွင် သဘောတူညီမှုများအရတပ်များ ရှင်းလင်းပေးလိုက်ခြင်းဖြစ် သည်ဟု မိုင်းခေါင်ရွာမှ ဘုရားကျောင်းအထွေထွေ အတွင်းရေးမှူး ဆရာဆိုင်းနော်က ပြောသည်။

ဆရာဆိုင်းနော်က “စစ်တပ်တွေက လမ်းကြောင်းသိဖို့အတွက်ဆိုပြီးလည်း လာသေးတယ်၊ ပြီးတော့ သူတို့ပြောတဲ့နေရာတွေထက် ၁၀ မိုင်ပတ်လည် လောက်ကို ကျော်ပြီး နေရာယူရောက်နေတယ်၊ အထက် မှာသာငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်နေတာအောက်မှာက မသိလို့ပစ်နေတာလား၊ ဘယ်လိုတွေလဲ မသိတော့ဘူး” ဟု ပြောသည်။

ယင်းအနီးရှိ ရွာ (၁၀) ရွာလုံးတွင် နေထိုင်သူများမရှိတော့ဘဲ တောလမ်းထဲမှ ထွက်ပြေးလာသူ ဦးရေ ၅၀၀ ကျော်မှာလည်း ပျောက်ဆုံးနေပြီး စစ်တပ်များချထားမှုကြောင့် လိုက်လံရှာဖွေရန်လည်း အခက် အခဲများရှိနေသည်ဟု ဘုရားကျောင်းမှ သင်းအုပ်ဆရာဦးနော်လွန်က ပြောသည်။

ဗန်းမော်မြို့တွင် စစ်ပြေးဒုက္ခသည်များ ၃၄၀ ကျော်နှင့် ဦးခေါင်းတွင်သေနတ်ဒဏ်ရာရရှိထားသူ နမ့်ဖူရွာ ဥက္ကဋ္ဌတို့ရှိနေပြီး မန်စီမြို့နယ်တွင် ထိုရွာများမှ အိမ်ခြေ ၄၉ အိမ်မှ ဦးရေ ၂၃၁ ဦးမှာ ထွယ်ဆန်ဘုရား ကျောင်းတွင်လည်းကောင်း၊ အိမ်ခြေ ၅၆ အိမ်မှ လူဦးရေ ၄၂၈ ဦးမှာ အောင်သာဘုရားကျောင်း တွင်လည်းကောင်း နေထိုင်နေပြီးတောလမ်းမှတက်လာသူ ဦးရေ ၁၀၀ တို့ကိုလည်း ခေါ်ယူရန် စာရင်းရရှိ ထားပြီဖြစ်သည်ဟု ထွယ်ဆန်ဘုရားကျောင်းမှ စာရင်းပြုစုသူပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

No comments: