နိရဉ္စရာ
ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ယနေ့ နံနက်က ရောက်ရှိလာသော အိုအိုင်စီ ကိုယ်စားလှယ် အဖွဲ့ကို စစ်တွေတွင် လူပေါင်း ၅၀၀၀ ခန့်က ပူးပေါင်း ပါဝင် ကန့်ကွက် ဆန္ဒပြခဲ့ကြသည်ဟု အဆိုပါ နေရာသို့ ရောက်ရှိနေသူ နိရဉ္စရာ သတင်းထောက်က ပြောသည်။
“ စုစုပေါင်း လူ ၅၀၀၀ နီးပါးခန့်ရောက်ပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လေဆိပ် အ၀င်ဝမှာ ပိုစတာတွေ၊ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး ဆန္ဒပြကြပါတယ်။ ပြဿနာ ဖြစ်တာ မရှိပါဘူး” ဟု သူက ဆိုသည်။
အိုအိုင်စီ ကိုယ်စားလှယ် အဖွဲ့သည် စစ်တွေ လေဆိပ်သို့ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် လေယာဉ်ဖြင့် ရောက်ရှိလာပြီး ၁၁ နာရီခွဲခန့်တွင် ရဟတ်ယာဉ် (၂) စီးဖြင့် ထွက်ခွာသွားသည်ဟု ဆိုသည်။
“ သူတို့က လေဆိပ် အပြင်ကို မထွက်ဘူး။ လေဆိပ်ကနေဘဲ တိုက်ရိုက် ရဟတ်ယာဉ်နှစ်စီးနဲ့ ထွက်ခွာသွားပါတယ်။ မောင်တောကိုသွားတယ်လို့တော့ သိရပါတယ်” ဟု ဆိုသည်။
ဆန္ဒပြသူများသည် လေဆိပ် အ၀င်တွင် အိုအိုင်စီ အလိုမရှိ၊ အိုအိုင်စီ ထွက်သွား၊ အိုအိုင်စီ အကူအညီ ဒို့မလိုဆိုသော ဆိုင်းဘုတ်၊ ပိုစတာများကို ကိုင်ဆောင်ပြီး ၂ နာရီကျော်ခန့် ငြိမ်းချမ်းစွာ စီတန်းကာ ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

No comments:
Post a Comment