ABC
လက်ပံတောင်းတောင် ဒေသ အတွင်းမှာ မီးလောင်ဗုံးနဲ့ အကြမ်းဖက်ခံရမှု တစ်နှစ်ပြည့် အထိမ်းအမှတ်ကို တန်ဆောင်မုန်း လပြည့်နေ့ တနင်္ဂနွေနေ့ မှာပဲ မုံရွာမြို့ ရွှေစည်းခုံ ဘုရားပေါ်မှာ
ဝတ်ပြု ဆုတောင်းပွဲ ပြုလုပ် ခဲ့ပါတယ်။
မီးလောင်ဗုံးနဲ့ ဖြိုခွင်းခံရတဲ့ တစ်နှစ်ပြည့် အထိမ်းအမှတ်အပြင် လက်ပံတောင်းတောင် အရေး တက်ကြွ လှုပ်ရှားခဲ့တဲ့သူအချို့ လွတ်မြောက် လာချိန်နဲ့ တိုက်ဆိုင် နေတဲ့အတွက် အာလုံး တစ်ပြိုင်နက်ထဲ ပြုလုပ်ခဲ့ တာဖြစ်တယ်လို့ လက်ပံတောင်းတောင် ဒေသတွင်းက ဇီးတော ကျောင်းတိုက် ဆရာတော် ဦးအာလောက က မိန့်ပါတယ်။
တစ်ဆက်တည်းမှာပဲ လက်ပံတောင်းတောင် ဒေသ အတွင်းက သိမ်တော်ကြီး စေတီတော်ကို တက်ရောက်ခွင့် ပိတ်ပင်တာနဲ့ ပါတ်သက်ပြီး နိုဝင်ဘာလ ၂ ရက်နေ့ကတည်းက တနင်္ဂနွေနေ့ (နိုဝင်ဘာ ၁၇) အထိ အင်ကြင်းတောင်ပေါ်မှာ သံဃာတော်တွေနဲ့ ဒေသခံတွေက သပိတ်စခန်းဖွင့်လှစ်ထားပြီး တောင်းဆိုချက်တွေ လုပ်ဆောင်မပေးမချင်း သပိတ်စခန်းကို ဆက်လက် ဖွင့်လှစ်သွားမယ်လို့ တုံကျေးရွာ အုပ်စုက လယ်သမား ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုမင်းမင်းက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မိုးကြိုးပြင်ကျေးရွာ ထွက်လမ်းကို လုံထိမ်းတွေက ပိတ်ဆို့ထားတာကြောင့် ဒေသခံတွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်ပေါ်ခဲ့ပြီး သက်ဆိုင်ရာဘက်က ပစ်ခတ်ဖြိုခွဲခဲ့တာကြောင့် ဒေသခံ ၇ ဦး ဒဏ်ရာရရှိခဲ့သလို ဒေသခံတွေကြောင့်လည်း ရဲ တချို့ ဒဏ်ရာ ရသွားပါတယ်။
အဲဒီ ဒဏ်ရာရရှိခဲ့တဲ့ ဒေသခံ ၇ ဦးထဲက ၅ ဦးကို မန္တလေးဆေးရုံကို ပို့ဆောင်ထားရပြီး ၂ ဦးကတော့ ခွဲစိတ်ကုသရတဲ့အထိ ဒဏ်ရာ ပြင်းထန်တယ်လို့ ဒေသခံတွေက ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က တန်ဆောင်မုန်းလပြည့်နေ့မှာပဲ လက်ပံတောင်းတောင် စီမံကိန်းရပ်ဆိုင်းဖို့အတွက် သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြနေတဲ့ သံဃာတော်တွေနဲ့ ဒေသခံတွေကို လုံထိမ်းတွေက မီးလောင်ဗုံးနဲ့ အကြမ်းဖက် ဖြိုခွင်းခဲ့တာဖြစ်ပြီး သံဃာတော် အပါး ၁၀၀ လောက်နဲ့ ဒေသခံ ၁၀ ယောက်ထက် မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီသတင်းကိုတော့ ရေဒီယို သြစတြေးလျသတင်းထောက် စူးရှက ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

No comments:
Post a Comment