အေးမြင့်စန်း
ကရင်လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင် ရန် ကရင်လူထု ဆန္ဒတောင်းခံခြင်းများကို ဒီဇင်ဘာလတွင် ပြုလုပ်သွားမည်ဟု ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ အဖွဲ့ဝင်၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက မဇိ္ဈမကို ပြောသည်။ နိုဝင်ဘာ ၂၁ ရက်က ပြုလုပ်သော ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ အစည်းအဝေးအပြီးတွင် ပြောကြားခြင်းဖြစ်သည်။
ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေး၊ အစိုးရနှင့် လက်နက်ကိုင်များအကြား ဖြစ်ပေါ်နေသော တိုက်ပွဲ များနှင့် ပတ်သက်၍ လူထုသဘောထား မည်သို့ရှိသည်ဆိုသည်ကို လူထုတွေ့ဆုံပွဲများ ပြုလုပ်၍ ကရင် လူမျိုးများ၏ ဆန္ဒကို တောင်းခံသွားမည်ဖြစ်ပြီး အစိုးရထံတင်ပြရန် ကော်မတီအတွင်း ညှိနှိုင်းဆွေးနွေး ဆုံးဖြတ်သွားမည်ဟု ဦးမန်းအောင်ပြည်စိုး၏ ပြောကြားချက်အရ သိရသည်။
လူထုထံမှ ဆန္ဒတောင်းခံခြင်းများကို ဇန်န၀ါရီလတွင် ကရင်လူမျိုးအများစု နေထိုင်သော ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနသာင်္ရီတိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် ဆောင်ရွက်သွားမည် ဖြစ်သည်။ အထက်မြန်မာပြည်တွင် လူထုဆန္ဒခံယူခြင်းကို မန္တလေးတိုင်းတွင် ပြုလုပ်သွားမည်ဖြစ်သည်။
ကရင်အမျိုးသားအစည်းအရုံးမှ ဗဟိုကော်မတီဝင် စောလှထွန်းက “အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုး နိုင်ဖို့က ကရင်အမျိုးသားတွေနဲ့ တောင်းဆိုချက်အပေါ်မှာ အခြေခံပါတယ်”ဟု ပြောသည်။
ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီသည် ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးအတွက် ကရင်လက် နက်ကိုင်အဖွဲ့များနှင့် ကရင်နိုင်ငံရေးပါတီးများ၊ ငြိမ်းချမ်းရေးယူထားသည့် ကရင်လက်နက်ကိုင်အဖွဲ့များ နှင့် တွေ့ဆုံဆွေးနွေး၍ သဘောတူညီချက်များအရ လူထုဆန္ဒတောင်းခံပွဲကို ကျင်းပမည်ဖြစ်သည်။
လက်ရှိတွင် ကရင်လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ထိုးနိုင် ရန် အထစ်အငေါ့များ ရှိနေသေးသည်ဟု ဦးမန်းအောင်ပြည်စိုးက ဆိုသည်။
၎င်းက ဆက်၍ “အထစ်ငေါ့လေးတွေရှိတယ်၊ အပစ်အခတ်ရပ်စဲရေးက သိပ်ပြီး ကျေညက်မှုမရှိသေးဘူး၊ ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေက အပစ်ခတ်ရပ်စဲရေး လက်မှတ်မထိုးသေးဘူး၊ ငြိမ်းချမ်းရေး အရင် ဆွေးနွေးမယ်၊ အစိုးရဘက်က လက်မှတ်အရင်ထိုးပြီးမှ ငြိမ်းချမ်းရေး ဆွေးနွေးမယ်ဆိုတာလေး တွေ ကွဲပြားနေသေးတယ်”ဟု ပြောသည်။
ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီသည် ကရင်နိုင်ငံရေးပါတီများ၊ ကရင်လက်နက်ကိုင် အဖွဲ့ အစည်းများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပက်သက်၍ နိုဝင်ဘာလ ၂၀ နှင့် ၂၁ ရက်များတွင် ဆွေး နွေးခဲ့ရာ အစည်းအဝေးဆုံးဖြတ်ချက်အရ သဘောတူညီချက် လေးချက်ကို ထုတ်ပြန်ခဲ့သည်။
ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲရလဒ်များကို ကရင်လက်နက် ကိုင်အဖွဲ့များထံ တင်ပြရန်၊ တစ်နိုင်ငံလုံးမှာရှိသည့် ကရင်လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံ သွားရန်၊ ကရင်နှင့် ဗုဒ္ဓဘာသာခေါင်းဆောင်များနှင့် တွေ့ဆုံသွားရန်၊ လူထုဆန္ဒတောင်းခံသွားရန်တို့ဖြစ် သည်။ အဆိုပါအစည်းအဝေးတွင် မူးယစ်ဆေးဝါးကိစ္စ၊ စစ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ဒုက္ခ သည်များအရေးကိစ္စများကို ဆွေးနွေးပြီး အပစ်အခတ်ရပ်စဲရေးအတွက် တက်ရောက်လာသော ကရင် လက်နက်ကိုင် အဖွဲ့အစည်းများ၊ ကရင် နိုင်ငံရေးပါတီများထံမှ အမြင်များကို တောင်းခံခဲ့သည်။
No comments:
Post a Comment