Tuesday, November 5, 2013

ပြည်ထောင်စုလွှတ်တော်တွင် အစိုးရထပ်တောင်းငွေကိစ္စ ယနေ့အချေအတင်ဆွေးနွေးရန်ရှိ

အေးမြင့်စန်း

ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ အစိုးရအဖွဲ့ကတင်ပြထားသည့် ၂၀၁၃- ၂၀၁၄ ခု၊ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း ၍ အခြေအတင်ဆွေးနွေးရဖွယ်ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က မဇ္ဈိမကိုပြောသည်။

အဆိုပါဘဏ္ဍာရေးနှစ်အတွက် မူလခွင့်ပြုထားငွေ၏ ၃ ဒသမ ၉ ရာခိုင်နှုန်း ထပ်မံတောင်းခံထားခြင်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးဌာန ၁၅ ခုက သက်ဆိုင်ရာတာဝန်ရှိသူများ ယနေ့ ပြည်ထောင်စု လွှတ်တော်သို့ လာရောက်ရှင်းလင်းပြောဆိုကြခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက်က “အကြမ်းမျဉ်းလျော့မယ်ဆိုရင် နည်းနည်းပဲ လျော့မယ်ထင်တယ်၊ ဖြတ်တယ်၊ မဖြတ်ဘူးဆိုတာ လွှတ်တော်ထဲမှာမဲခွဲရမှာ၊ မနက်ဖြန် အခြေအတင်ပြောရမှာ၊ သူတို့ဘက်က တင်ပြတာကောင်းမယ်ဆိုရင် ကျွန်တော်တို့ကမဖြတ်ဘူးပေါ့” ဟု ရှင်းပြသည်။

တင်ပြတောင်းခံထားသည့် လုပ်ငန်းစီမံကိန်းများ၏ အမှန်တကယ်လိုအပ်မှုကိုချိန်ညှိ၍ ဖြတ်တောက်ခြင်း၊ ဆိုင်းငံ့ခြင်းတို့ ဆောင်ရွက်သွားမည်ဟု ၎င်းကဆိုသည်။ “ဒါတွေကို သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ အချေအတင်ဆွေးနွေးရမှာရှိတယ်၊ ဆွေးနွေးတဲ့အခါမှာ အမှန်ကကြိုပြီးတော့ လုပ်ငန်းကမလုပ်ရဘူး၊ လုပ်ချင် ရင်လဲခွင့်ပြုချက်ရှိလား၊ လွှတ်တော်မှာ မေးမြန်းမှုတွေလုပ်ရမယ်၊ မရှိရင်တော့ ဖြတ်မှာပေါ့၊ ဒီအချက်တွေ ကိုလွှတ်တော်မှာ ဆွေးနွေးရမယ့်သဘောရှိတယ်၊ လုပ်ငန်းကပြီးနေပြီဆိုတော့ နိုင်ငံရဲ့ပေါ်လစီလဲဖြစ်နေ တယ်၊ အရေးကြီးတဲ့ကိစ္စလဲဖြစ်နေတော့ အသေးစိတ်ဆွေးနွေးရမဲ့သဘောရှိတယ်” ဟု ဦးအေးမောက်က ဆိုသည်။

အောက်တိုဘာ ၄ ရက် ဆွေးနွေးမှုတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ အားကစားဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့နှင့် စပ်လျဉ်းသည့်အသုံးစရိတ်များကို လွှတ်တော်အနေဖြင့်တာဝန်ရှိရှိ ဆုံးဖြတ်နိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ဆိုသည်။

“အတိအကျပြောလို့ မရသေးဘူး၊ ပြည်ထဲရေးကဖြတ်သင့်တယ်၊ ကျွန်တော်တို့ လက်ခံတယ်၊ နေပြည်တော်ကောင်စီမှာတော့ တချို့မလိုလားအပ်တဲ့နေရာတွေမှာ အလှအပတွေလုပ်ထားတာတွေ့ရတယ်၊ အများကြီးကုန်ကျစရိတ် တင်ထားတာတွေ့ရတယ်၊ အားကစားနဲ့ပတ်သက်ပြီး ဆီးဂိမ်းဘတ်ဂျက်လဲ နိုင်ငံအတွက်တကယ်အရေးကြီးတဲ့အချက်ဖြစ်လို့ ကျွန်တော်တို့လွှတ်တော်မှာ တာဝန်ရှိလာနိုင်တယ်”ဟု ပြောသည်။

No comments: