ABC
တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ နိုင်ငံရေး ဦးဆောင်ကော်မတီနဲ့ အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းတွေရဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်ရေး မူကြမ်းနဲ့ပတ်သက်ပြီးတော့ ဒီနေ့မှာ တွေ့ဆုံဆွေးနွေးကြမယ်လို့ မြန်မာငြိမ်းချမ်းရေး စင်တာက ပြောဆိုလိုက်ပါတယ်။
လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်ရေး ဘုံသဘောတူညီမှုကို ကချင်ပြည်နယ် လိုင်ဇာမြို့မှာ ၃ ရက်ကြာပြုလုပ်ခဲ့တဲ့ တိုင်းရင်းသားများ ညီလာခံကနေ သဘောတူခဲ့ကြတာဖြစ်သလို တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ နိုင်ငံရေး ဦးဆောင်ကော်မတီအဖွဲ့ဟာလည်း အဲဒီညီလာခံမှာပဲ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
အခု နိုင်ငံရေး ဦးဆောင် ကော်မတီနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီတို့ရဲ့ တွေ့ဆုံ ဆွေးနွေးမှုကို မြစ်ကြီးနားမြို့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ သဘောတူထားတဲ့ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ မူကြမ်းကို အခြေခံပြီးတော့ ရှေ့ဆက်လုပ်မယ့် လုပ်ငန်းစဉ်တွေကို ဆွေးနွေးကြမှာ ဖြစ်တဲ့အကြောင်း မြန်မာငြိမ်းချမ်းရေး စင်တာက အကြီးတန်းအရာရှိ ဒေါက်တာ မင်းဇော်ဦးက ယခုလိုပြောပါတယ်။
“လောလောဆယ်ကတော့ ကျွန်တော်တို့ လိုင်ဇာကနေပြီးတော့ ပြန်လာနေကြတယ်ပေါ့နော်။ ဒီနေ့ တိုင်းရင်းသား ဒီခေါင်းဆောင်တွေ မြစ်ကြီးနားကို ရောက်နေတယ်။ ရောက်တဲ့အခါကြရင်တော့ သူတို့ လိုင်ဇာမှာ ဆွေးနွေးလာတဲ့ ကိစ္စတွေကိုလည်း ကျွန်တော်တို့ကို ပြန်ပြီးတော့ သူတို့ ပြောပြမယ်ပေါ့။ အဲဒီအပေါ်မှာ အခြေခံပြီးတော့ ကျွန်တော်တို့ ရှေ့ဆက်ပြီးတော့ ဘယ်လိုဆက်သွားမလဲဆိုတဲ့ ကိစ္စတွေ အဓိက ဆွေးနွေးကြမှာပါ။”
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၇ ဖွဲ့က နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်ရေး ဘုံသဘောတူညီချက်ကို နိုဝင်ဘာလ ၁ ရက်နေ့က လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီဘုံသဘောတူညီချက်ကို ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA တောင်ပိုင်းတပ်ဖွဲ့ကတော့ လက်မှတ်မထိုးခဲ့ဘူးလို့ သိရပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဟာ ညီလာခံအပြီးမှာ ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး အဲဒီထဲမှာ ဖယ်ဒရယ်စနစ် ပြည်ထောင်စုဖွဲ့စည်းခွင့် ဖယ်ဒရယ် တပ်မတော် ဖွဲ့စည်းခွင့်နဲ့ စစ်တပ်ဟာ အရပ်သား အုပ်ချုပ်ရေး လက်အောက်မှာ ရှိရမယ်ဆိုတဲ့ အချက်တွေအပြင် အကျိုးစီးပွားပိုင်ဆိုင်ခွင့်စတဲ့ စီးပွားရေး ဆိုင်ရာ အချက်တွေကို ထည့်သွင်းထားတယ်လို့ သိရပါတယ်။
တဆက်တည်းမှာပဲ တိုင်းရင်းသား လက်နက်ကိုင်တွေ တစ်ဖွဲ့ချင်းဆီရဲ့ တောင်းဆိုချက်တွေကို မလိုက်လျောခဲ့ဘူး ဆိုရင်လည်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးမှာ အားလုံးက လက်မှတ်ထိုးမှာ မဟုတ်ဘူးလို့ တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC က ပြောဆိုထားတဲ့ အကြောင်း ရေဒီယိုသြစတြေးလျ သတင်းထောက် စူးရှက သတင်းပေးပို့ခဲ့တာဖြစ်ပါတယ်။
တိုင်းရင်းသားအဖွဲ့ညီလာခံနဲ့ ဘုံသဘောတူညီမှု
ကချင်ပြည်နယ် လိုင်ဇာမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ညီလာခံကနေ ဘုံသဘောတူညီမှုတခုရခဲ့ပါတယ်။
အခုလို ဘုံသဘောတူညီမှုရခဲ့တဲ့အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာအစိုးရကြား ငြိမ်းချမ်းရေးကိစ္စကို ရှေ့ဆက်ပြီး စကားပြောဆိုဆွေးနွေးနိုင်မှာဖြစ်တယ်လို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့က ပြောပါတယ်။
လိုင်ဇာမြို့ တိုင်းရင်းသား ညီလာခံကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၇ဖွဲ့က ကိုယ်စားလှယ်ပေါင်း ၆၀ လောက် တက်ရောက်ခဲ့ကြပြီး ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကနေ စနေနေ့အထိ ကျင်းပ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
မြန်မာအစိုးရက တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရေးကို ဒီနိုဝင်ဘာလအတွင်းမှာ ပြုလုပ်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အနေနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဘုံသဘောတူညီချက်လက်မှတ်ရေးထိုးရေးနဲ့ပတ်သက်ပြီး အချက် ၁၁ချက်ကို ချမှတ်ခဲ့ကြတယ်လို့ ညီလာခံကထုတ်ပြန်တဲ့ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် ချမှတ်ခဲ့တဲ့ အချက် ၁၁ချက် ရဲ့ အသေးစိတ်ကိုတော့ ဖော်ပြထားခြင်းမရှိဘူးလို့ သိရပါတယ်။

No comments:
Post a Comment