Tuesday, November 19, 2013

အီလန်မြန်မာ အထည်ချုပ်အလုပ်သမားများ လစာညှိနှိုင်းရာမှ အလုပ်သမားခေါင်းဆောင်များ အလုပ်ထုတ်ခံရ

နန်းမြင့်

ရွှေပြည်သာမြို့နယ်၊ အီလန်မြန်မာ အထည်ချုပ်စက်ရုံ အခြေခံလစာတိုးမြှင့်ရန် နိုဝင်ဘာလ ၁၈ ရက်တွင် အလုပ်ရှင်နှင့် ညှိနှိုင်းရာတွင် ညှိနှိုင်းမှုမရရှိဘဲ အလုပ်သမား ၆ ဦးကို အလုပ်ထုတ်ခဲ့ကြောင်း စက်ရုံ အလုပ်သမားသမဂ္ဂ ဥက္ကဌ ဦးမျိုးမင်းမင်းက မဇ္ဈိမကို ပြောကြားသည်။

အီလန်မြန်မာ အထည်ချုပ်စက်ရုံ အခြေခံလစာတိုးမြှင့်ရန်အတွက် အလုပ်သမား ၇၀၀ ခန့် နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းက ဆန္ဒပြခဲ့ပြီးနောက် နိုဝင်ဘာလ ၁၈ရက်တွင် ညှိနှိုင်းပေးမည်ဟု ကတိပေးခဲ့သည့်အတွက် အလုပ်သမားများဖက်မှ ဆန္ဒပြခြင်းကို ရပ်ဆိုင်းခဲ့သည်။

“ညှိနှိုင်းဖို့ လွတ်တော်အတွင်းရေးမှူး ၀န်ကြီး ဦးမောင်မောင်ဝင်းက ခေါ်ညှိတယ်။ စက်ရုံဘက်က ကြားခံ မလိုဘူးဆိုလို့ ၀န်ကြီးပြန်သွားတယ်။ ကျွန်တော်ကို ခေါ်ပြီး ခေါင်းဆောင် ၆ ဦးကို အလုပ်ထုတ်လိုက်ပြီလို့ ပြောတယ်။ ကလေးတွေ မနက်ဖြန်ဘာလုပ်မလဲ မသိသေးဘူး” ဟု ဦးမျိုးမင်းမင်း ပြောသည်။

အလုပ်ထုတ်ခံရသည့် အလုပ်သမား ၆ ဦးမှာ အီလန်မြန်မာအထည်ချုပ်စက်ရုံ အလုပ်သမား သမဂ္ဂ ဥက္ကဌ ဦးမျိုးမင်းမင်း၊ ဘဏ္ဍာရေးမှူး ဒီရအောင်၊ အမှုဆောင်များဖြစ်သည့် ကျော်လွင်ဦး၊ ကြူကြူဝင်း၊ အေးအေးမာနှင့် မ၀င်းသန်းတို့ ဖြစ်သည်။ ၄င်းတို့သည် ယင်းစက်ရုံတွင် လုပ်သက် ၃နှစ်ခန့် ရှိပြီ ဖြစ်သည်။

အီလန်မြန်မာ အထည်ချုပ်စက်ရုံမှ အထွေထွေမန်နေဂျာ မသိဂီင်္က “အလုပ်သမား ခြောက်ဦးကို အလုပ်ထုတ်လိုက်တယ်” ဟု ၎င်းတို့ဖက်မှ အတည်ပြု ပြောသည်။ စက်ရုံတွင် အလုပ်သမား ၁၁၀၀ ကျော်ရှိပြီး စက်ရုံအလုပ်သမားများ ဆန္ဒဖော်ထုတ်ခြင်းမှာ အခြေခံလစာ ကျပ်သုံးသောင်းတိုးမြှင့်ရန်နှင့် ဆုကြေးငွေ ရရှိရန်အတွက် ဖြစ်သည်။

ယင်းလစာတိုးမြှင့်ရန်နှင့်ပတ်သက်ပြီး အောက်တိုဘာလ ၂၃ ရက်တွင် အလုပ်သမားရုံးကို တင်ပြခဲ့ပြီး အောက်တိုဘာလ ၂၄ ရက်တွင် ညှိနှိုင်းခဲ့ကာ အဆင်မပြေခဲ့သည့်အတွက် နိုဝင်ဘာလ ၁၂ ရက်တွင် ညဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါကိစ္စကို ကြားဝင်ဆောင်ရွက်ပေးခဲ့သည့် ရန်ကုန် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဝင်းက"အလုပ်သမားရဲ့ ကိုယ်စားတွေ့ပေးတယ်။ အလုပ်သမားနဲ့ အလုပ်ရှင်နဲ့ဘဲ ညှိချင်ဆိုလို့ ဆွေးနွေးခွင့်ပေးလိုက်တယ်။ မနက်ဖြန်မြို့နယ် ဖြန်ဖြေရေးရုံးမှာ ထပ်ညှိဖို့ ရှိတယ်။ သူတို့ ၁၂ချက်တောင်းဆိုတယ်။ လုပ်ငန်းခွင့် ဆက်ဆံရေးကိစ္စ ၁၀ချက်ညှိလို့ရတယ်။ ပိုက်ဆံကိစ္စဘဲ ညှိလို့မရဘူးဖြစ်တယ်" ဟုပြောသည်။

လက်ရှိအခြေခံလစာမှာ ၃၃၀၀၀ ကျပ်ရရှိပြီး အချိန်ပိုများထည့်ပေါင်းလျှင် တစ်လ လစာ ၉၀၀၀၀ ကျပ် ၀န်းကျင်သာရရှိသည့်အတွက် အခြေခံလစာကို ၃၀၀၀၀ ကျပ်တိုးပေးရန် ထပ်မံတောင်းဆိုခြင်းဖြစ်သည်။

အီလန်မြန်မာ အထည်ချုပ်စက်ရုံသည် ယခင်က World Fashion နာမည်ဖြင့်မှတ်ပုံတင်ခဲ့ပြီး စက်ရုံသည် ရွှေပြည်သာမြို့နယ်၊ ဈ ၃၄၊ ၁၀ ရပ်ကွက်၊ စံချစ်ဝန် ဦးညွန့်လမ်း၊ ကျောက်ခွဲစက်အနီးတည်ရှိသည်။

No comments: