Friday, November 15, 2013

လက်ပံတောင်းတွင် ပဋိပက္ခ ထပ်ဖြစ်၊ ရဲကင်း တိုက်ခိုက်ခံရ

တိုးကြီး (မုံရွာ)

ရဲတပ်ကြပ်များအပါအ၀င် ကိုးဦး ဒဏ်ရာရ

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်မြောက်ရွာ အနီးရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် အစောင့်ချထားသည့် ရဲကင်းတစ်ခုကို ဒေသခံ ၂၀၀ ခန့်က နိုဝင်ဘာ ၁၄ ရက် ည ကိုးနာရီအချိန်တွင် ခဲများဖြင့် ၀င်ရောက် ပစ်ခတ်ခဲ့သည်ဟု မုံရွာခရိုင် ရဲမှူးကြီး ဦးကြူအင်းက ပြောသည်။

ခဲများဖြင့် ပစ်ခတ်မှုကြောင့် ရဲအုပ်မြင့်ဆွေ၊ ဒုရဲအုပ် ဝေ လင်း၊ ဒုတပ်ကြပ် ဂျိုးဇက်၊ ဒုတပ်ကြပ် ထွန်းလှိုင်ဦး၊ ရဲတပ်သား ပြည်မျိုးထွန်း၊ ကျော်ဇာနည်၊ ကြံအောင်၊ စောမောင်ခိုင်၊ ဒုတပ်ကြပ် ကျော်မင်းဦးတို့ ကိုးဦးသည် မျက်နှာ၊ လက်၊ ဦးခေါင်းတို့တွင် ပေါက်ပြဲဒဏ်ရာများဖြင့် ည ၁၀ နာရီခွဲက မုံရွာ ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ဆေးကုသရန် ရောက်ရှိဆေးကုသမှု ခံယူနေရသည်။

ရဲတပ်သားတို့နှင့် ဒေသခံတို့၏ ပဋိပက္ခကို သေနတ်ပစ်ခတ် လူစုခွဲဖြေရှင်းခဲ့ရပြီး အမှောင်ထုတွင်း ဖြစ်ပွားမှုကြောင့် ဒေသခံတို့လည်း ဒဏ်ရာရရှိနိုင်သည်ဟု ထိုရဲကင်းတွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ကြပ်တစ်ဦးက ပြောသည်။

ယခုသတင်းပေးပို့ချိန်တွင် ဒေသခံတို့ထံသို့ ဆက်သွယ်၍ မရဘဲဖြစ်နေပြီး နောက်ဆုံးရရှိသည့် သတင်းများအရ ရဲတပ်ဖွဲ့ဝင်တို့၏ သေနတ်ပစ်ဖောက်လူစုခွဲခြင်းကြောင့် လူစုကွဲသွားခဲ့သည်။

နောက်ဆုံးအခြေအနေကို အခင်းဖြစ်ရာ တွင် ပါဝင်ခဲ့သည့် ဒေသခံများသို့ မဇ္ဈိမမှ ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပါ။

No comments: