Saturday, November 16, 2013

ကန်သမ္မတဟောင်း ဘီလ်ကလင်တန် မြန်မာ့အသွင်ကူးကိစ္စ မိန့်ခွန်းပြော

ABC

မြန်မာနိုင်ငံကို ​ရောက်ရှိနေတဲ့ ​အမေရိကန် ​သမ္မတဟောင်း ​ဘီလ်ကလင်တန်ဟာ ​မြန်မာနိုင်ငံရဲ့ ​အသွင်ကူးပြောင်းရေး ​လုပ်ငန်းစဉ်တွေနဲ့ပါတ်သက်ပြီး ​မနေ့တုန်းက(နိုဝင်ဘာ ​၁၄) ​ရန်ကုန်မြို့၊ ​မြန်မာငြိမ်းချမ်းရေး ​စင်တာမှာ ​မိန့်ခွန်းပြောကြားခဲ့ပါတယ်။

အမေရိကန်နိုင်ငံရဲ့ ​၄၂ ​ရောက်မြောက် ​သမ္မတဟောင်း ​ဘီလ်ကလင်တန်အနေနဲ့ ​ပထမဆုံး ​မြန်မာပြည်ခရီးစဉ် ​ဖြစ်ပြီး ​ကနဦးက ​အစီအစဉ်ကတော့ ​ကလင်တန်ဖောင်ဒေးရှင်း ​အနေနဲ့ ​မြန်မာနိုင်ငံအတွင်းမှာ ​ကျန်းမာရေး ​၊ ​ပညာရေးနဲ့ ​စီးပွားရေး ​ကဏ္ဍတွေကို ​အကူအညီပေးဖို့ ​ရောက်ရှိလာခဲ့တာပါ။

ဒီခရီးစဉ်အတွင်းမှာပဲ ​သူ့ရဲ့ ​နိုင်ငံတကာ ​အတွေ့အကြုံတွေကို ​မြန်မာနိုင်ငံရဲ့ ​အသွင် ​ကူးပြောင်းရေးမှာ ​အထောက်အကူဖြစ်စေဖို့ ​နိုင်ငံရေး ​အသွင်းကူပြောင်းမှုနဲ့ ​နိုင်ငံ့ခေါင်းဆောင်များ ​ဆိုတဲ့ခေါင်းစဉ်နဲ့ ​မိန့်ခွန်းပြောတာလည်း ​ဖြစ်ပါတယ်။

ကန်သမ္မတဟောင်းအနေနဲ့ ​မြန်မာနိုင်ငံရဲ့ ​ငြိမ်းချမ်းရေး ​ဖြစ်စဉ်တွေအပေါ် ​အဖြေရှာဖို့ ​နည်းလမ်းတွေကို ​အဓိကထားပြီး ​ပြောဆိုခဲ့တယ်လို့ ​အဲဒီအခန်းအနားကို ​တက်ရောက်ခဲ့တဲ့ ​မြန်မာငြိမ်းချမ်းရေး ​စင်တာက ​ဒါရိုက်တာ ​ဒေါက်တာ ​ကျော်ရင်လှိုင်က ​အခုလို ​ပြောပါတယ်။

“သူပြောသွားတဲ့ ​အဓိကအကြောင်းအရင်းက ​ငြိမ်းချမ်းရေးနဲ့ ​ပါက်သက်လို့ ​လူသားအချင်းချင်း ​တစ်ယောက်နဲ့တစ်ယောက် ​ဘယ်လို ​သဟဇာတ ​ဖြစ်အောင်နေသင့်တယ်ဆိုတာတွေက ​ပါက်သက်ပြီး ​သူရဲ့ ​သမ္မတလုပ်ခဲ့စဉ်က ​အတွေ့အကြုံ ​နောက်ဒီ ​ကလင်တန် ​ဖောင်ဒေးရှင်းကို ​ခေါင်းဆောင်ပြီး ​လုပ်တဲ့အတွေ့အကြုံတွေနဲ့ ​ပါက်သက်ပြီးတဲ့အခါကျတော့ ​သူကိုယ်တိုင် ​တွေ့ကြုံခဲ့တဲ့ ​အတွေ့အကြုံတွေကို ​မူတည်ပြီးတဲ့အခါ ​ကျွန်တော်တို့ ​ဟောပြောပေးသွားတာ ​ဖြစ်ပါတယ်။ ​အဓိက ​ချုံပြီး ​ပြောမယ်ဆိုလို့ရှိရင် ​လူတွေဟာ ​ပုံစံတွေသာ ​ကွဲချင်ကွဲမယ်။ ​တကယ်တန်း ​တကယ့် ​Level ​မှာ ​ကြည့်မယ်ဆိုလို့ရှိရင် ​၉၉.၅ ​ရာခိုင်နှုန်းလောက် ​တူညီတယ်။ ​ဒီလို ​တူညီနေတဲ့ ​လူတွေဟာ ​တကယ့်မတူညီဘူးဆိုတာက ​ဒသမ ​၅ ​လောက်ဘဲ ​ရှိတာကို ​တစ်ဖက်နဲ့ ​တစ်ဖက် ​အဆင်မပြေ ​ဖြစ်နေတာ ​တကယ်တန်းကျတော့ ​လူသားအားလုံးက ​တူညီတာ ​ဖြစ်တဲ့အတွက်ကြောင့် ​တစ်ဖွဲ့နဲ့ ​တစ်ဖွဲ့ ​သဟဇာတဖြစ်ဖြစ်နဲ့ ​နေသင့်တယ်ဆိုတဲ့ ​အကြောင်းအရာကို ​အခြေခံပြီး ​ဟောပြောသွားတာ ​ဖြစ်ပါတယ်။”


ဆက်လက်ပြီး ​ဘီလ်ကလင်တန်အနေနဲ့လည်း ​မြန်မာနိုင်ငံရဲ့ ​လက်ရှိ ​ငြိမ်းချမ်းရေး ​ဖြစ်စဉ်တွေကို ​အပြည့်အဝ ​ထောက်ခံတဲ့ ​အပြင် ​သူကိုယ်တိုင်လည်း ​ပါဝင်ကူညီသွားမယ်လို့ ​ပြောဆိုခဲ့တယ်လို့ ​သိရပါတယ်။

တစ်ဆက်တည်းမှာပဲ ​ရှေ့ဆက်ငြိမ်းချမ်းရေး ​လုပ်ငန်းစဉ်တွေမှာ ​ယုံကြည်မှုက ​အဓိကကျတယ်လို့လည်း ​ဘီလ်ကလင်တန်က ​ပြောကြားခဲ့တဲ့အကြောင်း ​ဟောပြောပွဲကို ​တက်ရောက်ခဲ့တဲ့ ​၈၈ ​မျိုးဆက်ကျောင်းသားဟောင်း ​ဦးကိုကိုကြီးက ​ပြောပါတယ်။

“တကယ်လေးနက်တဲ့ ​နိုင်ငံရေး ​ဆွေးနွေးပွဲတွေ ​သွားတော့မယ်ဆိုလို့ရှိရင်တော့ ​အပေးအယူတွေ ​လုပ်လို့ရတယ်။ ​ဒါပေမယ့် ​စာချုပ်စာတမ်းထက် ​လူရဲ့ ​ယုံကြည်မှုက ​ပိုပြီးတော့ ​တန်ဖိုးရှိတယ်ဆိုတဲ့ ​ဟာမျိုးပေါ့ ​ဆိုတော့ ​အဓိက ​ကျွန်တော်တို့က ​စာချုပ်တွေလက်မှတ်ထိုးဖို့ဘဲ ​ကြိုးစားနေတဲ့အချိန်မှာ ​ယုံကြည်မှု ​အခြေခံမရှိဘဲနဲ့ ​စာချုပ်တွေ ​ထိုးနေတာဟာ ​ဒါ ​ယုံကြည်မှု ​ကပိုပြီးတော့ ​လေးနက်တယ်။ ​ပိုပြီး ​တန်ဖိုးရှိတယ်ဆိုတဲ့ဟာကိုတော့ ​ပြောသွားတာပေါ့နော်။”

အဲဒီအခန်းအနားကို ​နိုင်ငံရေးပါတီတွေ ​အရပ်ဘက်လူ့အဖွဲ့အစည်းတွေနဲ့ ​မြန်မာနိုင်ငံ ​အသွင်ကူးပြောင်းရေးကို ​စိတ်ပါဝင်စားတဲ့သူတွေ ​တက်ရောက်ခဲ့ကြပါတယ်။

ကန်သမ္မတဟောင်း ​ဘီလ်ကလင်တန်ဟာ ​မြန်မာနိုင်ငံရဲ့ ​လူ့အခွင့်အရေး ​အခြေအနေတွေကြောင့် ​မြန်မာနိုင်ငံအပေါ် ​အမေရိကန် ​ပြည်ထောင်စုရဲ့ ​အရေးယူပိတ်ဆို့မှု ​တွေကို ​သူရဲ့ ​သမ္မတ ​သက်တမ်းအတွင်းဖြစ်တဲ့ ​၁၉၉၇ ​ခုနှစ်တုန်းက ​စတင်အကောင်အထည် ​ဖော်ခဲ့သူလည်း ​ဖြစ်ပါတယ်။

ကန်သမ္မတဟောင်းဟာ ​ဒီကနေ့(နိုဝင်ဘာ ​၁၅) ​မှာလည်း ​ပြည်တွင်းအရပ်ဘက်လူ့အဖွဲ့အစည်းတွေနဲ့ ​တွေ့ဆုံပြီး ​မြန်မာနိုင်ငံ ​ရဲ့ ​လက်ရှိ ​အသွင်ကူးပြောင်းမှုဖြစ်စဉ်တွေကိုလည်း ​ဆွေးနွေးမှာ ​ဖြစ်တယ်လို့ ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​စူးရှက ​သတင်းပေးပို့ခဲ့ပါတယ်။

No comments: