Thursday, November 14, 2013

တော်လှန်ရေး ရဲဘော်ဟောင်း သခင်လှကြိုင်အတွက် စစ်မှုထမ်းဟောင်းအဖွဲ့ လစဉ်ထောက်ပံ့

ဖိုးစိုးသူ

ပဲခူးမြို့တွင် ဆင်းရဲချို့တဲ့စွာ နေထိုင်နေရသော တို့ဗမာအစည်းအရုံးအဖွဲ့ဝင် တော်လှန်ရေးရဲဘော်ဟောင်း သခင်လှကြိုင်ကို မွေးမြူရေးရေးလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဋ္ဌာနနှင့် မြန်မာနိုင်ငံ စစ်မှု ထမ်းဟောင်းအဖွဲ့တို့မှ လစဉ် ထောက်ပံ့ငွေ ကျပ် ၈၀,၀၀၀ ပေးသွားမည်ဟု ဦးလှကြိုင်ကို ကူညီပေးနေသူ ပဲခူးမြို့ခံ ဦးကြည်လင်းက မဇ္ဈိမကို နိုဝင်ဘာ ၁၂ တွင် ပြောသည်။

“အဘကြိုင် သေတဲ့အထိ ထောက်ပံ့ပေးသွားမယ်လို့ ပြောပါတယ်။ နောက်ပြီး အဘရဲ့မြေးကိုလည်း ငါးမွေးကန်မှာ တစ်လကို ၈၀,၀၀၀ နဲ့ အလုပ်ရှာပေးတယ်။ အဘကြိုင်သတင်းတွေ ဖော်ထုတ်ပြီး နောက်ပိုင်းလာလှူကြတဲ့ အလှူငွေတွေကိုတော့ ဘဏ်မှာ အဘကြိုင်နာမည်နဲ့ ဘဏ်အကောင့် ဖွင့်ပေးထားတယ်” ဟု ဦးကြည်လင်းက ပြောသည်။

နိုဝင်ဘာ ၁၂ ရက်အထိ ပြည်တွင်း ပြည်ပမှ လှူဒါန်းကြသည့် ငွေစုစုပေါင်း ကျပ် ၁၁သိန်းကျော် ရရှိနေပြီး ဖြစ်ကာ ဦးလှကြိုင်၏ အသုံးစရိတ်အချို့ကို နုတ်ယူရာအပြီး လက်ကျန်ငွေမှာ ကျပ် ၉၄၀,၀၀၀ သိန်း ရှိနေသည်။ ထိုငွေကို မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဘဏ်တွင် အပ်နှံထားပြီး လိုအပ်သည့် အချိန်တွင် ထုတ်ယူနိုင်မည်ဟုလည်း ၎င်းကပြောသည်။

မွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ တို့၏ ထောက်ပံ့ငွေကို နိုဝင်ဘာလကုန်တွင် စတင်ရရှိမည်ဖြစ်သည်။

မဇ္ဈိမနှင့် တွေ့ဆုံမေးမြန်းမှုတစ်ခုအတွင်း “ငယ်ငယ်က တိုက်ပွဲ အတွေ့အကြုံကိုပြောရရင် ဖက်ဆစ်ကို တိုက်ရင်း လက်ဖျံရိုးမှာ ဓားဒဏ်ရာရခဲ့တယ်။ ခြေဖနောင့်မှာ ဖနောင့်ကြော ပြတ်ရှခဲ့ဖူးတယ်” ဟု တော်လှန်ရေးအတွေ့အကြုံကို သခင်လှကြိုင်က ပြောဆိုခဲ့သည်။

သခင်လှကြိုင်သည် တို့ဗမာအစည်းအရုံးဝင် သခင်ရင်ထိုးတံဆိပ်ကိုလည်း ယခုတိုင် သိမ်းဆည်းထားသည် ဟု မြေးဖြစ်သူ မချိုမာဝင်းက ဆိုသည်။

“သူ့စစ်သားဘ၀ အတွေ့အကြုံကို အကုန်မှတ်မိတယ်။ သူ့ရဲ့ သခင်ရင်ထိုး တံဆိပ်လေးတွေကိုလည်း တယုတယနဲ့ သိမ်းထားတယ်။ အခုထိရှိနေတုန်း” ဟု ပြောသည်။

အသက် ၉၂ နှစ်အရွယ်ရှိပြီဖြစ်သော တော်လှန်ရေးရဲဘော်ဟောင်းကြီး သခင်လှကြိုင်သည် ဟင်္သာတမြို့၊ ကရင်အင်းကျေးရွာတွင် မွေးဖွားခဲ့ပြီး ၁၆ နှစ်သားအရွယ်တွင် တို့ဗမာအစည်းအရုံးမှ ဗိုလ်ရန်နိုင်၊ သခင် ထွန်းအုပ်တို့ ဟင်္သာတ မြို့သို့ရောက်ရှိစဉ် တို့ဗမာအစည်းအရုံးသို့ ၀င်ရောက်ခဲ့ပြီး အင်္ဂလိပ်တော်လှန်ရေးတွင် ရွှေတောင်ဒေသ၊ ဖက်ဆစ်တော်လှန်ရေးတွင် သာယာဝတီအနောက်ခြမ်းနှင့် မော်လမြိုင်ဒေသတို့တွင် တိုက်ပွဲဝင် ရဲဘော်တစ်ဦးအဖြစ် ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည်။

No comments: