စိုးသန်းလင်း၊ စုမြတ်ဝေ
ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီအနေဖြင့် အစီရင်ခံစာတင်ရန် အချိန်ကာလတစ် လနောက်ဆုတ်လိုက်တာနှင့် ပတ်သက်ပြီးမူအားဖြင့် မကြိုက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကသည် ကနေ့ လွှတ်တော်အစည်းအဝေးအပြီးတွင် ပြောကြားလိုက်သည်။
သည်ကနေ့ ပြည်သူ့လွှတ်တော် အဌမပုံမှန်အစည်းအဝေး ၁၈ ရက် မြောက်နေ့အပြီးတွင် သတင်းမီဒီယာ များနှင့်တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ယခုလိုပြောကြားခြင်းဖြစ်သည်။
“ပြောရမယ်ဆိုရင်တော့ နောက်ဆုတ်တာတွေဘာတွေကို မူအားဖြင့်မကြိုက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်သတ်မှတ်ထားတဲ့အချိန်ထဲမှာ ကိုယ်အလုပ်တစ်ခုကို ပြီးအောင်လုပ်ရမယ်။”
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဥရောပခရီးစဉ်မှ ပြန်လည်ရောက်ရှိလာပြီး နိုဝင်ဘာ ၄ ရက် လွှတ်တော်စတက်သောနေ့မှသာ အစီရင်ခံစာတင်ရန်အချိန်တစ်လနောက်ဆုတ်ကြောင်းကို သိရသည်ဟု ဆိုသည်။
“သို့သော်လဲ ဘယ်လောက်လောက် ခိုင်ခိုင်မာမာအကြောင်းပြချက်ရှိသလဲ။ မရှိသလဲဆိုတာလဲ အမေမသိသေးဘူး။ ဒီနေ့မနက်မှပဲ ကြားရတယ်။ ဒီရောက်လာတော့ ဒီလိုဖြစ်မယ်ဆိုတော့။ အဲတော့ ဂဃနဏ မသိသေးခင်တော့ မှတ်ချက်တော့မချချင်ဘူး။ ဒါပေမဲ့မူအားဖြင့်ပြောမယ်ဆိုရင် ဒီလိုကော်မတီတွေ၊ ကော်မရှင်တွေက အလုပ်တစ်ခုစပြီး လုပ်မယ်ဆိုရင်ကိုယ်သတ်မှတ်ထားတဲ့ အချိန်တွင်းမှာတော့ ကိုယ်ပြီးအောင်လုပ်ဖို့ဆိုတာတော့ အရေးကြီးတယ်လို့ ထင်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က သူ့အမြင်ကို ဆိုသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် လက်ရှိအချိန်တွင် လူထုဆန္ဒရယူပွဲပြုလုပ်နေပြီး ထိုသို့လုပ်နေခြင်းကအဖွဲ့ချုပ်ကနေ ကော်မတီကို တင်ပြဆွေးနွေးပြီးအကြံပြုချက်များပေးသည့်အခါ အများပြည်သူ၏ဆန္ဒကိုတင်ပြပြီး လုပ်သွားမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းပြောကြားသည်။
အကြံပြုချက်များ တင်ပြရာတွင်လည်း တိုင်းရင်းသားအဖွဲ့ရယ်မဟုတ်ဘဲ နိုင်ငံရေးပါတီများကလဲ အမြင်များကမတူတာတွေ ရှိနိုင်ကြောင်းဆိုသည်။
“ဒါတွေကတော့ ရှိမှာပဲ။ ဒါကတော့ ဒီမိုကရေစီဆိုတာမှာတော့ ဒါအတတ်နိုင်ဆုံးအားလုံးကို ညှိယူမယ်။ ဒါပေမဲ့ ညှိယူလို့မရရင်တော့ အများဆန္ဒကိုပဲ ကျွန်မကအလေးထားရမှာပဲ” ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။
သူမ၏ ဥရောပခရီးစဉ်အတွင်းတွင်လည်း ဒီဖွဲ့စည်းပုံကခြေခံဥပဒေတည်ရှိနေသရွေ့ မြန်မာနိုင်ငံဟာ တကယ့်ဒီမိုကရေစီလမ်းကြောင်းကို လျှောက်နေပြီလို့ မယူဆနိုင်ကြောင်းရှင်းပြခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က “ဘာဖြစ်လို့လဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာဆိုရင် ပြည့်ဝတဲ့ ဒီမိုကရေစီမဖြစ်အောင်လို့ တားမြစ်ထားတဲ့အချက်တွေ အများကြီးပါတယ်” ဟုပြောသည်။
No comments:
Post a Comment