Monday, November 18, 2013

ရခိုင် မြို့ ၅ ခုတွင် အိုအိုင်စီကို ဆက်လက် ဆန္ဒပြ

မောင်ရမ္မာ

အိုအိုင်စီ (အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့) ကို ရခိုင်ပြည်နယ် မြို့ ၅ ခုတွင် ယနေ့ နိုဝင်္ဘာလ ၁၆ရက်နေ့က ဆက်လက် ကန့်ကွက် ဆန္ဒပြခဲ့ကြသည်ဟု သတင်းရရှိသည်။

ယင်းမြို့များမှာ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ပေါက်တောနှင့် ကျောက်ဖြူမြိ့ တို့ ဖြစ်ကြသည်။

မြောက်ဦးမြို့တွင် နေ့လည် ၁ နာရီတွင် သျှစ်သောင်းဘုရားမှ စတင်ပြီး မြို့တွင်းကို လှည့် လည်ကာ ၂နာရီခွဲ အချိန်တွင် လောက မာရ်အောင်ဘုရားရှေ့တွင် အောင်မြင်စွာ အဆုံးသတ်ခဲ့သည်။

ဆန္ဒဖေါ်ထုတ်ရသည့် ရည်ရွယ်ချက်ကို ဦးဆောင် ရာတွင် ပါဝင်သူ မြောက်ဦး ဒေသခံ ကိုအေးမောင်သန်းက နိရဉ္စရာသို့ ယခုလို ပြောသည်။

“ နိုင်ငံတော် အချုပ်အခြာတည်မြဲရေး၊ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးရေးနဲ့ နိုင်ငံတော် လုံခြုံရေးအတွက် အိုအိုင်စီ အနေနဲ့ မြန်မာနိုင်ငံတွင်း သို့ ၀င်ရောက် မစွက်ဖက်နိုင်အောင် ဟန့်တား လိုတဲ့ ရည်ရွယ်ချက်နဲ့ ဆန္ဒပြ တောင်းဆိုတာ ဖြစ်ပါတယ်” ဟု ယင်းကဆိုသည်။

မြောက်ဦးမြို့ ဆန္ဒပြပွဲတွင်လူပေါင်း ၃၀၀၀ ကျော် ပါဝင်ခဲ့ပြီး မြို့တပတ် လမ်းလျှောက်ချီတက်ကာ အိုအိုင်စီအနေဖြင့် ပြည်တွင်းရေးကို ၀င်ရောက် မစွက်ဖက်ရေး၊ ဘင်္ဂလီအရေးကို ရိုဟင်ဂျာအရေးဖြစ်အောင် မဖန်တီးရေး၊ အိုအိုင်စီ ဆက်ဆံရေးရုံး ဖွင့်မည်ကို အလိုမရှိ၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို အမြန်ဆုံးအကောင်အထည်ဖေါ်ပေး စသည် တို့ကို တောင်းဆိုဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

အလားတူ ကျောက်ဖြူမြို့တွင် နံနက် ၇နာရီခွဲမှ စ၍ ဗိုလ်ချုပ်လမ်း အတိုင်း လူပေါင်း ၁၀၀၀ ကျော်က မြို့ကိုပတ်ကာ “အိုအိုင်စီ အလိုမရှိ” ဆိုင်းဘုတ်များကိုင်ဆောင်က ဆန္ဒပြခဲ့ကြသည်ဟု သတင်းရရှိသည်။

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် နိုင်ဝင်္ဘာလ ၁၅ ရက်နေ့က အိုအိုင်စီအလိုမရှိ ပိုစတာများကို မိုးပျံပူးဖေါင်းများ တွင် ချိတ်ဆွဲပြီး ကောင်းကင်ပေါ် လွှတ်တင်ခဲ့သည့်အပြင် ယနေ့ နိုဝင်္ဘာလ ၁၆ ရက်နေ့တွင်လည်း ရဟန်းတော်များနှင့် မြို့သူ မြို့သားများ ပူးပေါင်းကာ မြို့ကိုလှည့်ပတ်ဆန္ဒပြခဲ့ကြသည်ဟု သိရှိရသည်။

အိုအိုင်စီကို ကန့်ကွက်ဆန္ဒပြရသည့် အကြောင်းကို ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ပေါက်တောမြို့နယ် ဒု ဥက္ကဌ ဦးမြတ်ထွန်းက ယခုကဲ့သို့ ပြောသည်။

“ အိုအိုင်စီကိုဆန္ဒပြရတာက ရခိုင်ပြည်နယ်မှာ ဘင်္ဂလီနဲ့ ရခိုင် အမျိုးသားတွေနဲ့ ဖြစ်တဲ့ ပဋိပက္ခမှာ သူတို့ ဟာ ဘင်္ဂလီ တွေကိုဘဲ တစ်ဘက်သတ် တောက်လျှောက် ရပ်တည် ကူညီခဲ့တယ်။ ဒါဟာ ဘက်လိုက်မှု ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ရခိုင်ပြည်နယ် ထဲကို အိုအိုင်စီ မ၀င်ဖို့အတွက် ဆန္ဒပြရတာဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

ကျောက်တော်နှင့် မင်းမြားမြို့တွင်လည်း ယနေ့တွင် အိုအိုင်စီ အလိုမရှိကြောင်း ဆန္ဒပြပွဲများကို ခွင့်ပြုချက်ရယူကာ ပြုလုပ်ခဲ့ကြ သည်ဟု စုံစမ်းသိရှိရသည်။

No comments: