ဉာဏ်လှိုင်လင်း
ဥရောပသမဂ္ဂက မြန်မာရဲတပ်ဖွဲ့ဝင်များကို မှော်ဘီအမှတ် (၈) ရဲတပ်ရင်းတွင် သင်တန်းပေးလျက်ရှိရာ ပဋိပက္ခများတွင် ပြည်သူနှင့် ထိပ်တိုက်ဖြေရှင်းသည့်နည်းလမ်းအစား အခြားပျော့ပြောင်းသည့်နည်းလမ်းများကို အသုံးပြုရန် သင်ကြားပေးလျက်ရှိသည်ဟု သင်တန်းတက်ရောက်နေသူ အမှတ် (၈) ရဲတပ်ရင်းမှူး ဒုတိယရဲမှူးကြီး ကောင်းမြတ်နိုင်က မဇ္ဈိမကို ပြောသည်။
“ပြဿနာတစ်ခုကို ထိပ်တိုက်ဖြေရှင်းတာနဲ့ ပြေလည်သွားမယ်လို့ မယူဆဘဲ အခြားဖြေရှင်းနည်း နည်းလမ်းတွေ ရှိနေသေးတယ်၊ အဲဒါတွေကိုရှာဖွေပြီး ဖြေရှင်းဖို့ စဉ်းစားကြဖို့ အခုလို စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပေးတာပါ” ဟု ဒုရဲမှူးကြီး ကောင်းမြတ်နိုင်က ပြောသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်းက လက်ပံတောင်းတောင်စီမံကိန်း ဖြိုခွင်းမှုအတွင်း သံဃာတော် ၉၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့မှု၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကာလအတွင်း အကြမ်းဖက်ဖြိုခွင်းမှုများ ပြုလုပ်ခဲ့သည်ဟု ဝေဖန်ခြင်းခံခဲ့ရသည်။
သို့သော် အဆိုပါအခြေအနေများကို ကျော်လွှားနိုင်ရန် ဥရောပသမဂ္ဂက သင်ကြားပေးလျက်ရှိသည့်နည်းလမ်းများက ညင်သာပျော့ပြောင်းသည်ဟုလည်း သင်တန်းတက်ရောက်နေသူ ရဲမှူးကြီးသက်လွင်က ဆိုသည်။ “အခု လေ့ကျင့်သင်ကြားမှုတွေအရ လူစုလူဝေးတွေ ထိန်းသိမ်းတဲ့နေရာမှာ အများကြီး ညင်သာပါတယ်။ အများကြီး ပျော့ပြောင်းပါတယ်”ဟု ပြောသည်။
လူထုနှင့်ဆက်ဆံရာတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်၏ စည်းမျဉ်းစည်းကမ်းများ ချမှတ်ထားရှိသော်လည်း လိုက်နာနိုင်မှု အားနည်းနေသည်ဟု ရဲမှူးကြီးထွန်းလင်းက ၀န်ခံပြောဆိုသည်။
“လက်တွေ့မှာ ကွပ်ကဲကြပ်မတ်တဲ့ အားနည်းမှုလေးတွေ ရှိပါတယ်။ တပ်ဖွဲ့ဝင်တွေက ပြောတဲ့ဆိုတဲ့နေ ရာမှာ လိုအပ်ချက်တွေ အများကြီးရှိပါတယ်”ဟု ပြောသည်။
ထိုလိုအပ်ချက်များကို ဖြည့်ဆည်းရန် လူထုဆက်ဆံရေးစသည့် နည်းစနစ်များအပြင်၊ လူစုလူဝေး စနစ်တကျ စီမံထိန်းသိမ်းမှု၊ ပြည်သူလူထု ပူးပေါင်းပါဝင်သည့် ရဲလုပ်ငန်းစနစ်၊ လူ့အခွင့်အရေးနှင့် နိုင်ငံသား အခွင့်အရေးများကို အခြေခံသည့် ရဲလုပ်ငန်း စီမံခန့်ခွဲမှုတို့ကို သင်တန်းတွင် လေ့ကျင့်မှုများ ပြုလုပ်သွားမည်ဟု အမှတ် (၂) ရဲတပ်ရင်းများ ကွပ်ကဲရေးမှူး ရဲမှူးချုပ်သူရဦးဘိုနီက မဇ္ဈိမကို ပြောသည်။
အဆိုပါသင်တန်းသည် အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်ဖွဲ့ဝင်များအားလုံး ပါဝင်တက်ရောက်ရမည့် ပထမဆုံးသင်တန်းဖြစ်ပြီး နိုဝင်ဘာ ၄ ရက်မှစ၍ လေ့ကျင့် သင်ကြားပေးနေသည်။ သင်တန်းများအတွက် ယူရို ၁၀ သန်း သုံးစွဲသွားမည်ဖြစ်ပြီး ၁၈ လကြာ သင်ကြားပေးနေသည်။
သင်တန်းကို နေပြည်တော်နှင့် ရန်ကုန်တို့တွင် တစ်ပြိုင်နက် ဖွင့်လှစ်ထားပြီး ယခုဖွင့်လှစ်နေသည့် လူစု လူဝေး စနစ်တကျထိန်းသိမ်းမှုသင်တန်းသို့ တစ်နိုင်ငံလုံးရှိ အဓိကရုဏ်းနှိမ်နင်းရေး တာဝန်ယူထားသည့် ရဲတပ်ရင်းများအားလုံး တက်ရောက်မည်ဖြစ်သည်။ ယင်းနောက်တွင် ပြည်သူလူထုပါဝင်သည့် ရဲလုပ်ငန်းစနစ်ကို လေ့ကျင့်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စခန်းမှ ရဲတပ်ဖွဲ့ဝင်များ တက်ရောက်ရန် စီစဉ်ထားသည်။
No comments:
Post a Comment