ABC
မြန်မာနိုင်ငံက နိုင်ငံရေးပါတီ ၁၁ ပါတီက ခေါင်းဆောင်တွေဟာ ပြည်ပရောက် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေ အပါအ၀င် ပြည်ပက နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့အတွက် နိုဝင်ဘာ ၂၁ ရက် မနေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ရောက်လာခဲ့ကြပါတယ်။
အနာဂတ်မြန်မာနိုင်ငံနဲ့ တိုင်းရင်း သားများနဲ့ဒီမိုကရေစီအဖွဲ့အစည်းတွေရဲ့ နိုင်ငံတော် တည်ဆောက်ရေးမှာ ပါဝင်တဲ့ အခန်းကဏ္ဍတွေ ဆွေးနွေးဖို့အတွက် ရောက်ရှိလာတာဖြစ်ပြီး လူမှုအခြေပြုလူ့အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့လည်း သိရပါတယ်။
မြန်မာနိုင်ငံက လာရောက်တဲ့ ခေါင်းဆောင်တွေထဲမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ SNDP ဥက္ကဌ စိုင်းအိုက်ပေါင်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချူပ် SNLD ပါတီက အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ်NLD ပါတီက ဒေါ်နန်းခင်ထွေးမြင့်၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF ဥက္ကဌ ဦးခင်မောင်ဆွေ၊ ချင်းတိုးတက်ရေးပါတီ CPP ဥက္ကဌ ဦးနိုးထမ်ကပ်၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီက ဥက္ကဌ ဦးနေမျိုးဝေနဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) က ဒေါ်သန်းသန်းနု တို့ ပါဝင်ပါတယ်။
ပြည်တွင်းပြည်ပ နိုင်ငံရေးခေါင်းဆောင်များ ဆွေးနွေးပွဲကို နိုဝင်ဘာ ၂၂ ရက်နေ့ဒီကနေ စတင်မှာဖြစ်ပြီး ဒီတွေ့ဆုံပွဲ ဖြစ်မြောက်ဖို့အတွက် မြန်မာငြိမ်းချမ်းရေးစင်တာ MPC နဲ့ ဂျပန်နိုင်ငံအခြေစိုက် နီပွန်းဖောင်ဒေးရှင်းက ဦးဆောင်စီစဉ်ခဲ့တာ ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူ ဦးညိုအုန်းမြင့် က အခုလို ပြောပါတယ်။
အဓိကကတော့ ကျနော်တို့ သမ္မတကြီးရဲ့ အော်အင်ကလူးဆစ် (All Inclusive)ဆိုတဲ့ မူဝါဒအပေါ်မှာ ကျနော်တို့ ဒီ နိုင်ငံရေးပါတီတွေ ဘက်ကလည်း တောင်းဆိုလာတာတွေ ရှိပါတယ်။ အဲ့လိုတောင်းဆိုလာတဲ့အ တွက်ကြောင့် ကျနော်တို့ Myanmar Peace Center ကနေပြီးတော့ ဥက္ကဌ လည်းဖြစ်တဲ့ နောက် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးရဲ့ ဒုဥက္ကဌ ဖြစ်တဲ့ ဦးအောင်မင်း အနေနဲ့ ဒါကို ကတိပေး ပြီးတော့ ဒီအစီအစဉ်ကို ဖန်တီးတာ ဖြစ်ပါတယ်။ နောက်တချက် အရေးကြီးတဲ့ အချက်ကတော့ ကျနော်တို့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေလုပ်တဲ့အခါမှာ ဒီလက်နက်ကိုင်မဟုတ်တဲ့ နိုင်ငံရေး ပါတီတွေ တိုင်းရင်းသား နိုင်ငံရေးပါတီတွေကလည်း ကျနော်တို့ ပေါ်လတီကယ်လ် ဒိုင်ယာလော့ မှာ ပါလာမှာဖြစ်တဲ့အတွက်ကြောင့် သူတို့တွေနဲ့လည်း ကြိုပြီးတော့ တင်ပြထားနိုင်ရင် ပိုပြီးတော့ ဒီထက်ပိုကောင်းမယ်လို့ ကျနော်တို့ ယူဆတဲ့အတွက်ကြောင့် ဒီအစီအစဉ်လေးကို ကျနော်တို့ ပံ့ပိုးကူညီတာပဲ ဖြစ်ပါတယ်။
ပြည်တွင်း နိုင်ငံရေး ခေါင်းဆောင်တွေ အနေနဲ့ အဖွဲ့အစည်း အားလုံးကို တချိန်တည်း တွေ့ဆုံနိုင်မှာမဟုတ်ပဲ ဒီကနေ့ မနက်ပိုင်းမှာ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ညနေပိုင်းမှာတော့ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS က ခေါင်းဆောင်တွေနဲ့ ဆက်လက် တွေ့ဆုံမှာဖြစ်ပါတယ်။ အဲ့ဒီနောက် ကချင်ပြည်နယ် လိုင်ဇာမြို့မှာ ဖွဲ့စည်းခဲ့တဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့က ခေါင်းဆောင်တွေအပြင် အမျိုးသမီးများ အဖွဲ့ချုပ် WLB အဖွဲ့၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDFနဲ့ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ NDD အဖွဲ့က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးနဲ့ လူမှုရေး ပြုပြင်ပြောင်းလဲရေးနဲ့ စိန်ခေါ်မှုတွေကို ဆွေးနွေးသွားကြမှာ ဖြစ်တယ်လို့ ရေဒီယို သြစတေးလျ သတင်းထောက် သန်းကျော်စိုးက သတင်းပေးပို့ထားပါတယ်။
No comments:
Post a Comment