Friday, November 15, 2013

ရန်ကုန်နှင့် မန္တလေးမှ မသန်စွမ်းသူများ နေပြည်တော်သို့ စက်ဘီး၊ သုံးဘီး လက်တွန်းလှည်းများဖြင့် သွားမည်

ယုဝေ

ဒီဇင်ဘာ ၃ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို နေပြည်တော်တွင် ကျင်းပမည်ဖြစ်ရာ အဆိုပါအခမ်းအနားသို့ ရန်ကုန်နှင့် မန္တလေးမှ မသန်စွမ်းသူ ၁၂ဦးက စက်ဘီး၊ သုံးဘီး လက်တွန်းလှည်း (၀ှီးချဲ) များဖြင့် သွားရောက်မည်ဟု အဆိုပါ အစီအစဉ်ကို ဦးဆောင်သူ ရွှေမင်းသား ဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌဦးမြတ်သူဝင်းက နိုဝင်ဘာ ၁၄ ရက်တွင် မဇ္ဈိမကို ပြောသည်။

အခမ်းအနားကို နေပြည်တော် သင်္ဂဟဟိုတယ်တွင် ကျင်းပမည်ဖြစ်ရာ အဆိုပါအခမ်းအနားသို့ ရန်ကုန်မှ ခြောက်ဦးနှင့် မန္တလေးမှ ခြောက်ဦး သွားရောက်မည်ဖြစ်သည်။ ယင်းသို့ သွားရောက်ခြင်းမှာ ရွှေမင်းသားဖောင်ဒေးရှင်းအနေဖြင့် လေးကြိမ်မြောက် သွားရောက်ခြင်းဖြစ်ကာ ရန်ကုန်မှ ရှစ်ညအိပ် ကိုးရက်ခရီး သွားရောက်ရမည်ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

“မသန်စွမ်းသူများနေ့ကို တက်ရောက်မယ့် မသန်စွမ်းတွေအားလုံး အမျိုးသားတွေကြီးပါပဲ။ လမ်းခရီးတစ်လျှောက်ကိုတော့ နားဦးမှာပါ”ဟု ဦးမြတ်သူဝင်းက ပြောသည်။

ရန်ကုန်မှ နိုဝင်ဘာ၂၅ ရက်တွင် သုံးဘီး လက်တွန်းလှည်း(၀ှီးချဲ)ဖြင့် ငါးဦး စက်ဘီးဖြင့် တစ်ဦး စတင်ထွက်ခွာမည်ဖြစ်ပြီး မန္တလေးမှ နိုဝင်ဘာ ၂၆ ရက်တွင် သုံးဘီး လက်တွန်းလှည်းဖြင့် ငါးဦး စက်ဘီးဖြင့် တစ်ဦး စတင်ထွက်ခွာမည်ဖြစ်သည်။

မန္တလေးမှ စက်ဘီးဖြင့် နေပြည်တော်အခမ်းအနားသို့ သွားရောက်မည့် မသန်စွမ်းတစ်ဦးဖြစ်သူ ကိုဖိုးလပြည့်ကလည်း “မသန်စွမ်းသူတွေလည်း ဒီလိုမျိုးလုပ်နိုင်တယ်ဆိုတာ သိစေချင်လို့ပါ”ဟု ဆိုသည်။

မန္တလေးမှ သွားရောက်မည့်သူများအနေဖြင့် ခရီးစဉ်ကို တစ်နေ့လျှင် အနည်းဆုံး မိုင်၂၀ မှ မိုင် ၄၀ အထိ သွားရောက်ကာ စက်ဘီးသမားများနှင့် လက်တွန်းလှည်းသမားများ တစ်စုတစ်စည်းတည်း သွားရောက်ကြမည်ဖြစ်သည်။ ပြီးခဲ့သည့်နှစ်ကလည်း ယခုကဲ့သို့ သွားရောက်ခဲ့ဖူးပြီး ရန်ကုန်၊ မန္တလေး စုစုပေါင်း ၂၁ ဦး သွားရောက်ခဲ့ခြင်း ဖြစ်သည်။

No comments: