ဥာဏ်လှိုင်လင်း
ဓာတ်အားလိုင်းများ သွယ်တန်းရန်နှင့် ဓာတ်အား ပို့လွှတ်ရာတွင် ဆုံးရှုံးနေရခြင်းများကို ပြုပြင်နိုင်ရန် ဂျပန် နိုင်ငံမှ ဒေါ်လာသန်း ၆၀ ချေးယူခွင့်ပြုရန် ပေးပို့ထားသည့် နိုင်ငံတော်သမ္မတ၏ သ၀ဏ်လွှာကို နိုဝင်ဘာ ၅ ရက်၌ ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးရန် ရှိသည်ဟု သိရသည်။
“ကျပ် ၆၀ ဘီလီယံ လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းဖို့ နိုင်ငံခြားကငွေတွေကို အတိုးနှုန်း သက်သာစွာနဲ့ ဂျပန်ကချေးဖို့ လျှပ်စစ်လိုင်းတွေ ပြင်မယ်။ လျှပ်စစ်ဓာတ်အားဆုံးရှုံးမှု မဖြစ်အောင်ပေါ့” ဟု ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဦးအေးမောက်က မဇ္ဈိမကို ပြောသည်။ လက်ရှိ အချိန်တွင် ဓာတ်အား ဆုံးရှုံးမှု ပမာ ဏမှာ ပို့လွှတ်မှု၏ ၂၀ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ လျှပ်စစ်မီး မလုံလောက်မှု ပြဿနာကို ဖြေရှင်းရန် နှစ် ၃၀ ခန့် ကြာနိုင်သေးသည်ဟု သြဂုတ် လအတွင်း ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမော်သာထွေးက ပြောခဲ့သည်။
“ရေရှည်ကတော့ နောက်ထပ် ၁၅နှစ်၊ နှစ် ၂၀ ဆိုရင် ကိုယ့်တိုင်းပြည်ရဲ့ လိုအပ်ချက်ကို သေချာပေါက် ကျော်သွားမှာ ဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော်တို့ နှစ် ၃၀ အစီအစဉ်ကို တစ်ခါတည်းရေးပြီး လွှတ်တော် မှာလည်း ဒါကိုဆွေးနွေးပြီးသား ဖြစ်ပါတယ်” ဟု ၎င်းက ရှင်းပြထားခဲ့ဖူးသည်။
No comments:
Post a Comment