အောင်ကိုဦး
လက်ပံတောင်းတောင်ဒေသ မိုးကြိုးပြင်တောင်ရွာတွင် ရဲများနှင့် ဒေသခံများ ပဋိပက္ခဖြစ်ပွားခဲ့ပြီး သေနတ်ဒဏ်ရာရ ဒေသခံ ငါးဦးသည် နိုဝင်ဘာ ၁၅ရက် ညနေ ၆ နာရီ ၅၀ တွင် မန္တလေးပြည်သူ့ ဆေးရုံကြီးသို့ ဆေးကုသရန် ရောက်ရှိလာသည်။
ဒဏ်ရာရရှိသူများအနက် ဘယ်ရင်အုံသို့ သေနတ်မှန်သည့် အသက်၁၇နှစ်အရွယ် ကိုစိုးပြည့်အောင်နှင့် လက်မောင်းဒဏ်ရာရသူ မအေးစန်းတို့ နှစ်ဦးသည် ခွဲစိတ်ခန်းသို့ဝင်ရမည်ဟု မန္တလေးပြည်သူ့ဆေးရုံ အရေးပေါ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့အပြင် ပေါင်တွင် ဒဏ်ရာရရှိသူ ကိုထွန်းအေးကို အရိုးအကြောအဆောင်သို့ ပို့ထားပြီး ကျန်လူများမှာနှစ်ဦးမှာ ဒဏ်ရာမစိုးရိမ်ရကြောင်း လိုက်ပါကူညီ ဆောင်ရွက်ပေးနေသူ ဗကသမှ မအေးနှင်းက မဇ္ဈိမကို ပြောသည်။
နိုဝင်ဘာလ ၁၄ရက် ည၈နာရီခန့်တွင် လက်ပံတောင်းတောင်ဒေသ မိုးကြိုးပြင်တောင်ရွာသို့ ရဲကား ၁၇စီ အင်အား ၅၀၀ခန့်ဖြင့် ရောက်ရှိလာသဖြင့် ဒေသခံများနှင့် အပြန်အလှန် ပဋိပက္ခများဖြစ်ရာ ရဲများက သေနတ်ပစ်ဖောက်ခဲ့ပြီး နှစ်ဖက်စလုံး၌ ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရဲဝန်ထမ်းကိုးဦးသည် ၁၄ရက်ည၌ပင် မုံရွာမြို့ ဆေးရုံကြီးတွင် ဆေးကုသခံခဲ့ပြီး ဒေသခံငါးဦးကမူ ၁၅ရက် ညတွင် မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် လာရောက် ဆေးကုသခံယူခြင်းဖြစ်သည်။
ရွာတွင်ဒဏ်ရာရသူ ၃ဦးကျန်နေသေးကြောင်းသိရသည်။ ဒဏ်ရာ ရသူများသည် အဖမ်းခံရမည်စိုးသောကြောင့် မုံရွာဆေးရုံတွင် ဆေးကုသမှု မခံယူဘဲ မန္တလေးသို့လာရောက်ကုသရကြောင်း ဒေါ်အေးစန်းက ပြောသည်။ မန္တလေးဆေးရုံသို့ ရောက်ရှိလာသော ဒဏ်ရာရသူများကို ပရဟိတအသင်းများ၊ နိုင်ငံရေးပါတီများက ကူညီပေးနေကြောင်း သိရသည်။
"ရွာသူရွာသားတွေကို အခုလိုသေနတ်ပစ်တာ ပြည်သူ့ရဲတွေမဟုတ်ပါဘူး။ဝမ်ပေါင်ရဲ့ရဲတွေပါ" ဟု ဒေါ်အေးစန်းက မဇ္ဈိမကို ပြောသည်။
ယင်းသို့ ဒေသခံများနှင့် ရဲများ ပဋိပက္ခဖြစ်ပွားသော ဖြစ်စဉ်နှင့် ပတ်သက်၍ လက်ပံတောင်းအရေး ဆောင်ရွက်သူ ဒေါ်နော်အုန်းလှက"ကျွန်မဒီနေ့ထောင်ကလွတ်တယ်။ အပြင်ကိုရောက်တာနဲ့ ဒီသတင်းကိုကြားရတယ်။ ကျွန်မမပျော်နိုင်တော့ဘူး။ ပြည်သူတွေကို သေနတ်နဲ့ပစ်ရအောင် ရန်သူမဟုတ်ဘူး။ ဒီလိုတွေလုပ်တာ ပြည်သူကို အနိုင်ကျင့်တာပဲ။ ပြည်သူ့ရဲက ပြည်သူကိုပစ်တာ ဘယ်လိုနားလည်ရမှာလဲ။ ကျွန်မကတော့ ဒေသခံတွေလိုအပ်တာကို ကူညီဆောင်ရွက်ပေးသွားမယ်"ဟု မဇ္ဈိမကို ပြောသည်။
ဒဏ်ရာရရှိသော ဒေသခံများကို မုံရွာမြို့ရှိ ဒေဝဂတိ လူမှုကူညီရေးအသင်းနှင့် ရုံးကြီးလူငယ် ပရဟိတအသင်းတို့မှ ခရီးတစ်လျှောက် ကူညီဆောင်ပေးကြောင်းသိရသည်။
၂၀၁၂ခုနှစ် နိုဝင်ဘာလ ၂၉ရက်ကလည်း လက်ပံတောင်းတောင်စီမံကိန်းအား ရပ်တန့်ပေးရန် သံဃာများနှင့် ဒေသခံများက သပိတ်စခန်းများဖွင့်ကာ ဝမ်ပေါင်ကုမ္ပဏီရှေ့တွင် ဆန္ဒထုတ်ဖော်နေမှုကို နံနက်သုံးနာရီခန့်တွင် မီးလောင်ဗုံးများဖြင့် သပိတ်စခန်းကို ဖြိုခွင်းခြင်းများ ပြုလုပ်ခဲ့ဖူးသည်။
No comments:
Post a Comment