Wednesday, November 6, 2013

သပိတ်စခန်းဖွင့်ထားသော်လည်း လယ်တီသိမ်နှင့်စေတီ ကြည့်ခွင့်မရသေး

ဖိုးစိုးသူ

အောက်တိုဘာ ၃၁ရက်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာအတွင်း မိုင်းခွဲ၍ လယ်တီသိမ် ထိခိုက်ပျက်စီးသည်ဆိုသော သတင်းကြောင့် စေတီနှင့်သိမ်ကို ကြည့်ရှုရန် တောင်းဆိုပြီး သပိတ်စခန်း ဖွင့်ထားခဲ့သော ဒေသခံများသည် သုံးရက်ကြာသော်လည်း ကြည့်ရှုခွင့်မရသေးကြောင်း သပိတ်စခန်းဖွင့် ထားသည့် ဆရာတော် ဥူးသု (ခေါ်) ဥူးဝိမလကက နိုဝင်ဘာ ၅ ရက် နေ့လယ်ပိုင်းတွင် မဇ္ဈိမကို မိန့် သည်။

အဆိုပါသပိတ်စခန်းကို ဆားလင်းကြီးမြို့နယ် ဖောင်းကတာကျေးရွာအုပ်စု ဆည်တည်းကျေးရွာအနီးရှိ အင်ကြင်းတောင်အနီးတွင် နိုဝင်ဘာ၂ ရက်က ဖွင့်လှစ်ထားပြီး လူအင်အား ၁၀၀ ကျော်ခန့်ရှိကာ သိမ်နှင့် စေတီတော်ကို ကြည့်ရှုခွင့်ရရန် နိုဝင်ဘာ ၃ ရက်က စတင်တောင်းဆိုထားခြင်း ဖြစ်သည်။

ဆရာတော်က “သိမ်နဲ့ စေတီက လေးလက်မလောက် ကွဲအက်သွားတယ်လို့ အတွင်းသတင်းရထားတယ်။ ဒါကို သွားကြည့်တာ ၀င်ခွင့်မပေးဘူး။ အဲတော့ သံဃာတော်တွေ ဦးဆောင်ပြီး လူအင်အား ၁၅၀ နဲ့ သပိတ်စခန်းဖွင့်ထားတယ်။ ကြည့်ရှုစစ်ဆေးခွင့်မပေးသရွေ့ သပိတ်စခန်းဖွင့် စောင့်ကြည့်နေမယ်”ဟု လည်း မဇ္ဈိမကို မိန့်သည်။

ယင်းကဲ့သို့ သာသနိက အဆောက်အဦများကို ထိခိုက်မှုများရှိသဖြင့် လက်ပံတောင်းတောင် စုံစမ်းစစ် ဆေးရေးကော်မရှင်နှင့် နိုင်ငံတော်သမ္မတထံ သာသနိက အဆောက်အအုံများကို ထိန်းသိမ်းရန်အတွက် စာတင်သွားမည်ဖြစ်ကြောင်း ဆရာတော် ဥူးဝိမလက က မိန့်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး စစ်ကိုင်းတိုင်း နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဦးကြည်နိုင်ဖုန်းကို မဇ္ဈိမက ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပေ။

လက်ပံတောင်းတောင်ဒေသခံ ကိုထွန်းထွန်းက “သပိတ်စခန်းတော့ ဖွင့်ထားတယ်။ လူအင်အားကတော့ ၁၀၀ လောက်ပဲရှိမယ်လို့ ထင်တယ်။ လုံခြုံရေးတွေလည်း ချထားတာတွေ့ရတယ်။ ထူးထူးခြားခြားတော့ ဘာမှ အသံမကြားရဘူး”ဟု ဆိုသည်။

ယင်းအပြင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်းခွင်ထဲရှိ လယ်တီသိမ်တော်နှင့် စေတီတော်ပရ၀ုဏ် ပတ်ဝန်းကျင်တွင် ခွင့်ပြုချက်မရှိဘဲ ၀င်ထွက်သွားလာမှုများ မပြုလုပ်ရန် နိုဝင်ဘာလ ၂ ရက်မှစ ကာ လုံခြုံရေးအင်အားငါးဆခန့် တိုးမြှင့်ချထားလိုက်ကြောင်း ထိုဒေသတွင် တာဝန်ထမ်းဆောင်နေသော လုံခြုံရေးရဲဝန်ထမ်းတစ်ဦးက မဇ္ဈိမကို ပြောထားခဲ့သေးသည်။

No comments: